Friday 28 September 2012

အခြေအနေနှင့် အချိန်ကိုက် လုပ်ဆောင်ရန် ကူညီနိုင်သည်များ

အခြေအနေနှင့် အချိန်ကိုက် လုပ်ဆောင်ရန် ကူညီနိုင်သည်များ

by nang kha yea on 25.9.2012

သင်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ အချိန်ကိုက် လုပ်ဆောင်နိုင်အောင် ကူညီပေးနိုင်မယ့် အကြောင်းအရာတွေ ရှိနေပါတယ်။


အင်တာဗျူး ဖြေစရာရှိလျှင် ပဲပိစပ်စားပါ

အလုပ်အတွက် အင်တာဗျူး ဖြေရာမှာ ဦးနှောက်ဉာဏ်ရည် ထက်မြက်နေဖို့ လိုပါတယ်။ Montreal တက္ကသိုလ်မှ သုတေသီတွေက အစားအစာထဲမှာ ပါဝင်တဲ့ အမိုင်နိုအက်စစ် ထရစ်ပတိုဖန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေပြီး လုပ်ဆောင်ချက်တွေ ထူးချွန် ပြောင်မြောက်စေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ ပဲပိစပ်ကနေ ထရစ်ပတိုဖန်များစွာ ရရှိနိုင်ပြီး ကြက်သား၊ ဆယ်လ်မွန် ငါးတွေကလည်း ရရှိနိုင်ပါတယ်။

စာမေးပွဲ ဖြေစရာရှိလျှင် ကောက်နှံတစ်ခုလုံး စားပါ

စာမေးပွဲဖြေဖို့ အခန်းထဲမဝင်မီ ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစားအစာကို စားပေးပါ။ သင့်ဦးနှောက်ဉာဏ်ရည် ကောင်းစေပြီး သင်ကျက်ထားသမျှ စာတွေ မှတ်မိနေစေပါတယ်။ ကောက်နှံတစ်ခုလုံးမှာ ဖောလိတ်ဓာတ် ရရှိနိုင်ကနေ သင့်မှတ်ဉာဏ်အတွင်း သိမ်းဆည်းထားတဲ့ စာတွေကို အလွယ်တကူ ပြန်လည် ဖော်ထုတ်နိုင်ပါတယ်။ ဒါ့အပြင် သုတေသီတွေက စာမေးပွဲဖြေတဲ့အခါ ပီကေဝါးပြီး ဖြေဆိုပါက မှတ်ဉာဏ်စွမ်းရည် ၃၅ ရာခိုင်နှုန်း ပိုမိုတိုးတက်စေတယ်လို့ ဆိုပါတယ်။

ချစ်သူနဲ့ ပထမဆုံး ချိန်းတွေ့လျှင် လက်ဖက်ရည်ကြမ်းသောက်ပါ

ချစ်သူနဲ့ ပထမဦးဆုံး ချိန်းတွေ့ချိန်မှာ သင့်စိတ်တွေ လှုပ်ရှားနေနိုင်ပါတယ်။ စိုးရိမ်စိတ်တွေကြောင့် ချစ်သူရှေ့မှာ အလွဲအချော်တွေ မလုပ်မိစေဖို့ ချမိုမိုင်းခတ်ထားတဲ့ လက်ဖက်ရည်က သင့်စိတ်လှုပ်ရှားမှုကို တည်ငြိမ်စေပါတယ်။ ချမိုမိုင်း လက်ဖက်ရည်က စိုးရိမ်စိတ်များတာ၊ စိတ်လှုပ်ရှားနေတာတွေကို သက်သာစေတဲ့ အာနိသင် ရှိပါတယ်။

ကလေးယူဖို့ ကြိုးစားနေလျှင် ကမာကောင်စားပါ

ဇင့်ဓာတ်များစွာ ပါဝင်တဲ့ ကမာကောင်က အမျိုးသားတွေရဲ့ စိတ်ဆန္ဒကို လှုံ့ဆော်ပေးပါတယ်။ တကယ်တော့ ဇင့်က အမျိုးသားတွေမှာသာမက အမျိုးသမီးတွေမှာပါ မျိုးအောင်နိုင်စွမ်း မြှင့်တင်ပေးပါတယ်။ အမျိုးသမီးတွေမှာ ကျန်းမာတဲ့ သားဥတွေ ထုတ်လုပ်ပေးပြီး အမျိုးသားတွေမှာ ကျားဟော်မုန်း တက်စထရိုစတီရုန်း ပမာဏကို တည်ငြိမ်အောင် ထိန်းပေးကာ ကျန်းမာတဲ့ သုက်ကောင်တွေကို ထုတ်လုပ်ပေးပါတယ်။

ပြဿနာ ဖြေရှင်းစရာရှိလျှင် သစ်ချသီးစားပါ

တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း မတူညီတဲ့ အကြောင်းအရာတွေ ဆွေးနွေးတဲ့အခါ သွေးဆူတာကြောင့် အချင်းများပြီး ဆက်ဆံရေး မပြေမလည်ဖြစ်ကာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးရတတ်ပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ ခန္ဓာကိုယ်မှာ အိုမီဂါ- ၃ ချို့တဲ့နေပါက သင့်အပြုအမူတွေက ရန်လိုမှုများနေစေတာကို တွေ့ရပါတယ်။ ဂျပန်ပညာရှင်တွေက ဇင့်ဓာတ်က အမျိုးသမီးတွေရဲ့ ဒေါသကို ပြေစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆွေးနွေးစရာတွေရှိတဲ့အခါ ဆွေးနွေးမှု မပြုလုပ်မီ သစ်ချသီး စားပေးပါက အိုမီဂါ- ၃ နဲ့ ဇင့်ဓာတ်ကို ရရှိစေပါတယ်။

လင်မယားကွဲကွာရန် အကြောင်းဖြစ်လာလျှင် အဆီများသောငါး စားပါ

စိတ်သဘောထားချင်း၊ အကြောင်းတရားချင်း မတိုက်ဆိုင်တာကြောင့် လင်မယားကွာရှင်းပြတ်စဲကြတဲ့အခါ စိတ်ဓာတ်ကျဆင်းကာ အဆိုးမြင် အတွေးတွေပဲ တွေးမိစေပါတယ်။ ဒီခံစားမှုတွေ မဖြစ်ပေါ်အောင် တားဆီးလို့တော့ မရပါဘူး။ ဒီလိုအချိန်မှာ သင့်အနေနဲ့ အဆီများတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ တူနာငါးတွေ စားပေးပါ။ ဒီငါးတွေမှာ အိုမီဂါ- ၃ အဆီ၊ ဗီတာမင်ဘီ ၁၂ နှစ်မျိုးစလုံး ပါဝင်ပြီး စိတ်ဓာတ်ကျဆင်းမှုကို လျော့နည်းစေပါတယ်။

ဆုံးဖြတ်ချက် ကြီးကြီးမားမားချလျှင် ဒိန်ချဉ်သောက်ပါ

သင်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်၊ လင်မယားအရေးကိစ္စ၊ ကျန်းမာရေး၊ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ အကြောင်းအရာ စတဲ့ ဘဝနဲ့ဆိုင်တဲ့ ကြီးကြီးမားမား အကြောင်းကိစ္စတွေကို ဆုံးဖြတ်ချက်ချဖို့ လိုလာတဲ့အခါ ဒိန်ချဉ်သောက်ပေးပါ။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို တည်တည်ငြိမ်ငြိမ် ချမှတ်ဆောင်ရွက်နိုင်ပါတယ်။ဒိန်ချဉ်ကနေ အိုင်အိုဒင်းနဲ့ ဇင့်ဓာတ်ကို ရရှိနိုင်ပြီး ဦးနှောက် လုပ်ဆောင်မှုတွေ ကောင်းမွန်စေကာ စိတ်တည်ငြိမ်ဖို့ စွမ်းအားတွေ ရရှိစေပါတယ်။ Toronto တက္ကသိုလ်မှ ပညာရှင်တွေက ဒိန်ချဉ်မှာ ပါဝင်တဲ့ လူ့အကျိုးပြု ဘက်တီးရီးယားတွေက စိုးရိမ်စိတ်ကို လျော့နည်းစေပြီး ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချမှတ် ဆောင်ရွက်နိုင်စေတယ်လို့ ပြောပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Ref:Good Health
Source: http://news.yatanarpon.com.mm/news/review-63978
source>>> http://www.facebook.com/notes/health-articles/အခြေအနေနှင့်-အချိန်ကိုက်-လုပ်ဆောင်ရန်-ကူညီနိုင်သည်များ/207990389332479

No comments:

Post a Comment