Friday 4 January 2013

ကျန်းမာတဲ့ အသားအရေပိုင်ရှင်ဖြစ်အောင် ဘာ တွေ စားကြမလဲ

 by ပိုပိုဇော်(သဘာဝအားအင်) on Friday, January 4, 2013 at 12:02pm 

မိန်းကလေးတိုင်း အသားအရေ၏ ကောင်းခြင်းနှင့် ပြည့်စုံချင်ပါတယ်။ ကြည်လင်လတ်ဆတ် နုပျိုပြီး ရှိရင်းစွဲအသက်ကို ခန့်မှန်းလို့မရအောင် တကယ့် အံ့ဖွယ်အသားအရေမျိုးကို ပိုင်ဆိုင်ချင်ကြပါသလား? အဲဒီလိုလှဖို့ သင့်မျက်နှာပေါ်မှာ ဘာမိတ်ကပ်လိမ်းလိုက်တယ်ဆိုတာထက် သင့် ထမင်းပန်းကန်ထဲမှာ သင်ဘာတွေထည့်ပြီး စား လိုက်တယ်ဆိုတာက ပိုအရေးပါလာပါတယ်။ သင်စားလိုက်သမျှ အစားအစာတိုင်းဟာ သင့်ကို တစ်နေ့တာလှုပ်ရှားဖို့၊ စွမ်းအင်ပေးဖို့၊ ခန္ဓာကိုယ် တွင်း အစိတ်အပိုင်းတွေကို အားဖြည့်ပေးဖို့တင် မဟုတ်ဘဲ ပြင်ပရုပ်သွင်ကိုပါ လွှမ်းမိုးပြောင်းလဲပစ်ပါတယ်။ “ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအသောက်တွေကို သင်စားလေလေ၊ သင့် အသားအရေက ပိုမိုကြည့်ကောင်း တောက်ပလေလေ” ဖြစ်ပါလိမ့်မယ်။


နေ့စဉ်နေ့တိုင်း မစားမဖြစ် စားနေရတဲ့ အစား အစာတွေကို အာရုံစိုက် မရွေးချယ်ဘဲ အဆင်ပြေသလိုပဲ စားနေမယ်ဆိုရင်တော့ အသားအရေရဲ့ အလှအပကို ပျက်စီးပစ်မယ့် ပြဿနာပေါင်းစုံက မဖိတ်ခေါ်ဘဲ ရောက်လာမှာပါ။ အသားအရေ ခြောက်မယ်။ အသားရောင်မကြည်ဘဲ ညိုညစ်ညစ် ဖြစ်နေမယ်။ အသက်နဲ့မလိုက် အိုမင်းသယောင် ဖြစ်နေမယ်။ အဲဒါတွေအပြင် ၀က်ခြံ၊ နှင်းခူနှင့် အခြားကာလ ရှည်ကြာ ခံစားရမယ့် အရေပြားဝေဒနာအကုန်လုံးဟာ အစားအစာနဲ့ တိုက်ရိုက်ပတ်သက်ဆက် နွယ်နိုင်ပါတယ်။

အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေ ဈေးကွက်ထဲမှာ အမြောက်အမြား ရှိပါတယ်။ အဲဒီပစ္စည်းတွေကို သုံးစွဲနေတယ်ဆိုရင်လဲ သင့် အသားအရေရဲ့ ကောင်းခြင်းဂုဏ်ကို မြှင့်တင်ဖို့ ဆိုရင် အစားအစာကို ညီညွတ်မျှတအောင် စားတတ်ဖို့ကိုလဲ လစ်လျှူမရှုထားသင့်ပါဘူး။

ကျန်းမာတဲ့ အသားအရေပိုင်ရှင်ဖြစ်အောင် ဘာ တွေ စားကြမလဲ?

၁။ အဆီလျော့ထားတဲ့ နို့ထွက်ပစ်္စည်းတွေ

အံ့ဖွယ်ကျန်းမာတဲ့ အသားအရေအတွက် အရေးအကြီးဆုံး လိုအပ်ချက်တွေထဲက တစ်ခုက ဗီတာမင် “အေ”ပါ။ ဗီတာမင်အေကို အများကြီး ရနိုင်တဲ့နေရာက အဆီထုတ်ထားတဲ့ နို့ထွက် ပစ္စည်းတွေပါ။ အာဟာရကျွမ်းကျင်ပညာရှင်တွေ ရဲ့ အဆိုအရ အရေပြားဆဲလ်လေးတွေ ကျန်းမာနေဖို့ အစားအစာထဲမှာပါတဲ့ ဗီတာမင်အေကို မှီခိုအားကိုးနေရပါတယ်။ ဆီးချိုဝေဒနာရှင်တွေ၊ သိုင်းရွိုက်ပြဿနာ တစ်မျိုးမျိုး ခံစားနေရသူတွေဆိုရင် ဗီတာမင်အေကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ နှစ်ထပ်ကွမ်း လိုအပ်ပါတယ်။ အဲဒီ ဝေဒနာရှင်တွေက B-carotene ဘီတာကယ်ရိုတင်းဓာတ်ကို ဗီတာမင်အေအဖြစ် မပြောင်းနိုင်တာကြောင့်ပါ။ ပုံမှန်လူ တွေမှာတော့ မုန်လာဥနီ နဲ့ အရွက်စိမ်းစိမ်းဖားဖား တွေမှာပါတဲ့ ဘီတာ ကယ်ရိုတင်းဓာတ်ကို ဗီတာမင်အေအဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေထဲမှာပါတဲ့ ဗီတာမင်ကတော့ လူတိုင်းရဲ့ အရေပြားအတွက် သင့်တော်စစ်မှန်ပါတယ်။ အဆီလျော့ထားတဲ့ ဒိန်ချဉ်တစ်ခွက်ဟာ ဗီတာမင်အေ ပေါပေါများများပါရုံသာမက အူလမ်းကြောင်း အတွက် ကောင်းမွန်လှတဲ့ အက်စစ်ဒိုဖီးလက် (acidophillus)ဆိုတဲ့ လူ့အကျိုးပြု ဘက်တီးရီး ယားတွေလည်း ပါ,ပါတယ်။ တစ်ဖန် အူလမ်းကြောင်းကို အားပေးကူညီတဲ့ ဘက်တီးရီးယား (သို့မဟုတ်) အင်ဇိုင်းမှန်သမျှဟာ အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။

၂။ ဘယ်ရီသီးပေါင်းစုံနဲ့ ဇီးသီးများ

ဒီအသီးတွေရဲ့ အားသာချက်က တော့ antioxidant ဆိုတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ အမြောက်အမြား ပါနေတာပါ။ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ဆိုတာဘာလဲ ... ထပ်ရှင်းပြပါ့မယ်။
free radical ဆိုတဲ့ အရေပြားဆဲလ်တွေကို ဒုက္ခပေး၊ ပျက်စီးစေတဲ့ဓာတ်တွေ ထွက်လာပါတယ်။ အဲဒီဓာတ်တွေက အရေပြား ဆဲလ်တွေ သေသွားတဲ့အထိကို ဖျက်ဆီးပစ်နိုင် ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားဆဲလ်တွေကို အကာအကွယ်ပေးထားရင်တော့ free radical ဓာတ်တွေ အစွမ်းမပြနိုင် တော့ပါဘူး။ အဲဒီ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တခြားအကျိုးပြုဓာတ်တွေ အများဆုံးရှိနေတဲ့ အစားအစာတွေက စတော်ဘယ်ရီ၊ ဘလက် ဘယ်ရီ၊ ဘလူးဘယ်ရီနဲ့ ဇီးသီးတွေပါ။ မြန်မာ နိုင်ငံမှာတော့ ဘလူး/ဘလက်ဘယ်ရီတွေ လတ်လတ်ဆတ်ဆတ် မရပေမယ့် စတော်ဘယ်ရီနဲ့ ဇီးသီးတော့ လတ်လတ်ဆတ်ဆတ် ရနိုင်ပါတယ်။ ဒီအသီးတွေက အရေပြားဆဲလ်တွေ ပျက်စီးမှု နည်းအောင် ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ အတွက် သင့်ကိုနုပျိုလတ်ဆတ်တဲ့အသွင်ပေါက် စေပါတယ်။ antioxidant ကြွယ်ဝတဲ့ တခြား သစ်သီးဝလံတွေကတော့ ပိန်းဥ၊ ပဲလိပ်ပြာ၊ ပဲကတ်္တီပါနဲ့ ဇီးသီးခြောက်တွေပါ။

၃။ ဆဲလ်မွန်၊ သစ်ကြားသီး၊ လျှော်စေ့၊ canola oil

လျှော်စေ့ကို မြန်မာနိုင်ငံမှာ မစား သလောက်ပေမယ့် အနောက်နိုင်ငံတွေ မှာတော့ ဟင်းရွက် သုပ်ထဲမှာ နှမ်းဖြူးသလို ဖြူးစားကြပါ တယ်။ ပြီးတော့ canola oil ကလည်း မြန်မာနိုင်ငံဈေးကွက်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် မတွေ့ရသေးပါဘူး။ တခြားနိုင်ငံတွေမှာတော့ အဓိက ဟင်းချက်ဆီအဖြစ် သုံးစွဲနေကြပါပြီ။ တစ်ခုနဲ့တစ်ခု ဘာမှ မဆိုင်ဘူးလို့ ထင်ရတဲ့ ဒီအစားအစာ လေးမျိုးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဖက်တီးအက်ဆစ်တွေ ပါဝင် တာကြောင့် ကျန်းမာတဲ့ အသားအရေအတွက် သော့ချက် အစားအစာဖြစ်နေတာပါ။ ဖက်တီး အက်ဆစ်ဆိုလို့ ၀၀တုတ်တုတ်ဖြစ်စေတဲ့ အက်ဆစ်တွေလို့ မထင်လိုက်ပါနဲ့။ ဖက်တီး အက်ဆစ်တွေက အရေပြားဆဲလ်တွေရဲ့ အပြင်လွှာ မပျက်စီးအောင် ခံတပ်စစ်သားအဖြစ် စောင့် ကြပ်နေရုံသာမက အရေပြားဆဲလ်တွေထဲကို အာဟာရဓာတ်တွေ ၀င်လာမှာ၊ ဆဲလ်တွေထဲကနေ အညစ် အကြေးတွေ ပြန်ထွက်သွား မှာကိုလဲ ခွင့်ပြုပေးပါတယ်။ ပြီးတော့ အရေပြားဆဲလ်ရဲ့ အပြင်လွှာက ရေဓာတ်ကို စုဆောင်းထိန်းသိမ်းထားလို့ အပြင်လွှာ ထူလေလေ၊ ဆဲလ်က ရေဓာတ်ပြည့်ဝလေလေပါ။ အဲဒီတော့ ပိုပြီးနုပျိုတဲ့အသွင်ကို ပေါက်စေတာပေါ့။ နောက်ပြီး ခန္ဓာကိုယ်ထဲက သွေးကြောတွေကို ရောင်ရမ်းစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်တဲ့ ဇီဝဖြစ်စဉ်တချို့ဟာ အရေပြားဆဲလ်ကိုလည်း ထိုနည်းတူပဲ တိုက်ခိုက် နိုင်ပါတယ်။ မရှိမဖြစ် ဖက်တီးအက်ဆစ်တွေက သွေးကြောတွေကိုရော၊ အရေပြားဆဲလ်တွေကိုရော အကာအကွယ်ပေးပါတယ်။ လူသိအများ ဆုံးနဲ့ အကောင်းဆုံးဖက်တီးအက်ဆစ်တွေက တော့ အိုမီဂါ (၃)နဲ့ အိုမီဂါ (၆)ပါ။ အသားအရေ ကောင်းချင်ရင်၊ ကျန်းမာရေးကောင်းချင်ရင် အဲဒီနှစ်မျိုးကို လုံလောက်စွာ စားပေးဖို့ လိုပါတယ်။ လူတွေမှာ အိုမီဂါ (၆)ချို့တဲ့မှုကို တွေ့ရလေ့ မရှိ ပေမယ့် အိုမီဂါ (၃)ချို့တဲ့မှုကတော့ မကြာမကြာ တွေ့ရတတ်ပါတယ်။ ငါး၊ သစ်ကြားသီးတွေဟာ အိုမီဂါ (၃) အကြွယ်ဝဆုံး အစားအစာတွေပါ။

၎။ ကျန်းမာစေသောဆီ

ကိုယ်တို့ မြန်မာတွေဟာ ဆီသိပ်ကြိုက်ပါတယ်။ ဆီပြန်ဟင်း၊ ဆီ ၀,အောင်စိမ်ထားတဲ့ လက်ဖက်၊ ဆီဆူဆူမှာ ကြွပ်ရွအောင် ကြော်ထားတဲ့ အကြော်အလှော်ပေါင်းစုံ စတာတွေကို နေ့စဉ် တစ်မျိုးမဟုတ်တစ်မျိုး စားဖြစ်ပါတယ်။ ဒါပေမယ့် အရည်အသွေးကောင်းမွန်တဲ့ ဆီကသာ အရေပြား ကို ချောမွတ်စေပြီး မြင်ရသူအဖို့ကော၊ ကိုယ် ကိုယ်တိုင်ကော ကျန်းမာတဲ့ ခံစားချက်ကို ရစေ ပါတယ်။ ဘယ်လိုဆီမျိုးကို အရည်အသွေး ကောင်းမွန်တယ်လို့ ခေါ်သလဲ? ပုလင်းပေါ်မှာ “cold expressed, cold expeller, cold processed” (အအေးခံပေါင်းနည်း)၊ သို့ Extra virgin (အသန့်စင်ဆုံး)စသည့် စာတန်းပါတာတွေ ကို ရွေးချယ်ဝယ်ယူပါ။ ဒီဘက်ခေတ်မှာ သံလွင် ဆီတွေ၊ ပဲပိစပ်ဆီတွေ ကောင်းပါတယ်လို့ ကျယ် ကျယ်လောင်လောင် ပြောလာကြတာက သံလွင်ဆီကို ရဖို့အတွက် သံလွင်သီးကို ကြိတ်ခြေတာ၊ အပူပေးတာနှင့် ပုလင်းထဲထည့်ပြီး တံဆိပ်ကပ်တာဆိုတဲ့ ရိုးရှင်းတဲ့ အဆင့်(၃) ဆင့်ကိုပဲ ဖြတ်သန်း ရပါတယ်။ တခြားဆီတွေကတော့ ဈေးကွက်ဝင်ဆီ ဖြစ်လာဖို့အတွက် အဆင့် (၆)ဆင့်လောက် ဖြတ်ရတဲ့အတွက် တကယ်စားလို့ရတဲ့အဆင့်ရောက်တဲ့ အချိန်မှာ အဖိုးတန်အာဟာရဓာတ်တွေ မဖြစ်စလောက်ပဲ ကျန်တော့လို့ပါ။ သတိပြုရမှာကတော့ ဘယ်လိုပဲ အရည်အသွေးကောင်းမွန်ပြီး ကျန်းမာ ရေးအတွက် ညီညွတ်သင့်လျော်တဲ့ဆီ ဖြစ်ပါစေ၊ ဆီရဲ့ သဘောသဘာဝကိုက ကယ်လိုရီတွေ အများကြီးပါတဲ့အတွက် တစ်နေ့ကို စားပွဲတင်ဇွန်း (၂) ဇွန်းထက် ပိုမစားသင့်ပါဘူး။

၅။ ကြက်သား၊ ငါး၊ ပေါင်မုန့်ကြမ်း၊ ကွေကာအုတ်၊ ပုဇွန်၊ ကြက်သွန်နီ

ဒီအစားအစာတွေရဲ့ တူညီတဲ့အချက်က တော့ လှပတဲ့အသားအရေဖြစ်ပေါ်ဖို့ လိုအပ်တဲ့ ဆီလီနီယမ်ဆိုတဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာ ပါ။ ဆီလီနီယမ်သတ္တုဓာတ်က အရေပြားဆဲလ်တွေ အားကောင်းကျန်းမာစေဖို့ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်ဆိုတာကို အာဟာရ ကျွမ်းကျင်ပညာရှင်တွေက အပြည့်အ၀ ထောက်ခံပါတယ်။ လေ့လာစမ်းသပ်မှုတွေအရ ခန္ဓာကိုယ် ထဲမှာ ဆီလီနီယမ်ဓာတ် လုံလုံလောက်လောက် ရှိနေရင် နေရောင်ကြောင့် အသားအရေ ပျက်စီး ရခြင်းကိုတောင် လျော့နည်းသွားစေနိုင်တယ်လို့ အဖြေထွက်ထားပါတယ်။ ဥပမာ-ဆီလီနီယမ် ပမာဏမြင့်မားနေရင် ကင်ဆာဖြစ်စေတဲ့ အရေ ပြားဆဲလ်ပျက်စီးမှုကို လျော့ချပေးနိုင်သလို ဆီလီနီယမ်သောက်ဆေးကို ကော့ပါး၊ ဗီတာမင်အီးနဲ့ ဗီတာမင်အေတွေနဲ့ တွဲဖက်သောက်သုံးထားတဲ့ အခါ နေလောင်ဒဏ်ကို ကာကွယ်ပေးထားနိုင်ပါ တယ်။ အမဲသား၊ မှို၊ ကြက်ဥနဲ့ ဂဏန်းတွေမှာလဲ ဆီလီနီယမ်ဓာတ် ပါဝင်ပါတယ်။ ခေါင်းစဉ်မှာ ပါတဲ့ ပေါင်မုန့်ညိုဆိုတာကိုတော့ သတိထားရပါ မယ်။ ပေါင်မုန့်ဖြူမှာတော့ ဆီလီနီယမ်မပါဘူးလား လို့စောဒကတက်စရာ ရှိပါတယ်။ ပေါင်မုန့်ဖြူမှာ ဆီလီနီယမ်ပါပေမယ့် ဖြူအောင် လုပ်ထားတဲ့ အစားအစာမှန်သမျှ ဟာအရေပြားကျန်းမာရေးအတွက် မရွေးချယ်သင့်တဲ့ အစားအစာ တွေပါ။ ပေါင်မုန့်ဖြူသာမက နူးနူးညံ့ညံ့ ကိတ်မုန့်တွေ၊ ဖြူဖွေးအောင် အထပ်ထပ်ဖွပ်ထားတဲ့ ဆန်တွေ၊ ဖြူဖွေးနေတဲ့ သကြားတွေ အကုန် ပါ,ပါတယ်။ အဲဒီအစားအစာ တွေဟာ အင်ဆူလင်ပမာဏကို ထိခိုက်စေသလို အရေပြားဆဲလ်တွေ အသစ် ဖြစ်ပေါ်တာကိုလဲ ဟန့်တား ပစ်ပါတယ်။

၆။ ရေနွေးကြမ်း

မြန်မာ့ထမင်းဝိုင်းမှာ၊ နေ့စဉ်လူနေမှု ဘ၀မှာ မပါမဖြစ်လို့ဆိုရမဲ့ ရေနွေးကြမ်းရဲ့ အရေပြားပေါ်မှာ အကျိုးထူးပေးပုံကလည်း အံ့မခန်းပါ။ အရေပြားဆဲလ်တွေ ရောင်ရမ်းမှုကို လျော့ချပေးတယ်။ အရေပြားဆဲလ်ရဲ့ အပြင်လွှာကို ကာကွယ်စောင့် ရှောက်ပေးတယ်။ အရေပြားကင်ဆာကိုတောင်မှ ဖြစ်နိုင်ချေ လျှော့ချပေးပြီး မဖြစ်အောင်တောင် ကာကွယ်ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ရေနွေးကြမ်း ပုံမှန်သောက်ပေးရင် နေပူထဲသွား တဲ့အခါ နေရောင်ထဲက အရေပြားကို လောင်စေ တဲ့ UV rays တွေကြောင့် အသားအရေ ပျက်စီး တာကို ကာကွယ်ပေးထားတဲ့အတွက် ကင်ဆာဖြစ် နိုင်ချေ လျော့ကျသွားတာပါ။ ပြီးတော့ ရေနွေးကြမ်းထဲမှာပါတဲ့ polyphenol ဆိုတဲ့ ဒြပ်ပေါင်းက အရေပြားအတွက် အတော်လေး အစွမ်း ထက်ပါတယ်။

၇။ ရေ

ရေဓာတ်ပြည့်ဝတဲ့ အသားအရေဟာ ပိုပြီး စိုပြည်ကြည့်ကောင်းတယ်ဆိုတာ ဘယ်သူမှမငြင်း နိုင်တဲ့အချက်ပါ။ ရေဆိုတဲ့နေရာမှာ ကော်ဖီ၊ အချို ရည် ယုတ်စွအဆုံး ဟင်းချိုရည်မဟုတ်တဲ့သောက် ရေအစစ်က အရေပြားဆဲလ်တွေကို အားဖြည့်လန်း ဆန်းစေပါတယ်။ ကောင်းမွန်တဲ့အရေပြားအတွက် တစ်နေ့ကို ရေဂါလန်ဝက်ပမာဏသောက်ပေးဖို့ လိုအပ်ပါတယ်။ ဖန်ခွက်နဲ့ဆိုရင်တော့ ရှစ်ခွက်ပေါ့။ ရေဟာ ဆဲလ်တွေကိုအားဖြည့် ပေးရုံတင်မကဘဲ အာဟာရဓာတ်တွေ အရေပြားဆဲလ်ထဲ ၀င်သွားဖို့နဲ့ အညစ်အကြေးတွေ အရေပြားဆဲလ်ထဲက ထွက်သွားဖို့ကိုပါ အထောက်အကူပေးတဲ့အတွက် အသားအရေကို ကြည့်ကောင်းနေစေတာပါ။ ပြီး တော့ ရေဓာတ်ပြည့်ဝနေတဲ့အခါ ချွေးထွက်နှုန်း ပိုကောင်းတဲ့အတွက် အရေပြားကို သန့်ရှင်းကြည်လင်တဲ့အသွင်ပေါက် စေတာပါ။

အသားအရေဟာ လူတစ်ယောက်ရဲ့ပြင်ပရုပ်သွင်ကို အကဲခတ် တဲ့နေရာမှာအရမ်းအရေးပါတဲ့အစိတ် အပိုင်းပါ။ ထူးထွေဆန်းကြယ်တဲ့ အစားအစာတွေမဟုတ်ဘဲ နေ့စဉ် စားသောက်မှုပုံစံကို ပြောင်းလဲသွား ပြီး ကျန်းမာကြည့်ကောင်းတဲ့ အသားအရေပိုင်ရှင်လေးဖြစ်အောင် ကြိုးစားကြည့်ကြရအောင်။
Jenny
Ref credit>>>နိုဝင်ဘာလထုတ်ကျန်းမာရေးမဂ္ဂဇင်းမှ

No comments:

Post a Comment