Saturday 27 October 2012

ဗောက် ပျောက်ချင်တယ် ဆိုရင်

ဗောက်ပျောက်ချင်တယ်ဆိုရင်

by NANG KHA YEA on  on Saturday, October 27, 2012

ဗောက်ထတယ် ဆိုတာ

ဗောက်ဆိုတာ အဖြူရောင် ဒါမှမဟုတ် အဝါရောင် အဖတ်လေးတွေကို ဆံပင်မှာနဲ့ အဝတ်အစားတွေပေါ် မကြာခဏ တွေ့ရတတ်တာမျိုးပါ။  ဦးရေပြားပေါ်က ဆဲလ်သေတွေ ကွာကျတာကို ဗောက်ထတယ်လို့ ခေါ်ပါတယ်။ ခေါင်းဖြီးလိုက်ချိန်နဲ့ ဦးရေပြားကို လက်သည်းနဲ့ ကုတ်ခြစ်လိုက်ချိန်မှာ တွေ့ရပါတယ်။

 ဗောက်ထတာက သင်ညစ်ပတ်လို့ မဟုတ်ပါ

ဗောက်ထတာက ဆံကေသာအတွက် သင်အသုံးပြုတဲ့ ထုတ်ကုန်ပစ္စည်းတွေပေါ်မှာ မူတည်ပါတယ်။ တချို့ ဆံပင်အရောင်ဆိုးတဲ့ ဆေးတွေက သင့်ဦးရေပြားမှာ ဗောက်ထသလို အဖက်လေးတွေ ဖြစ်စေပါတယ်။ ဗောက်ထလို့ ခေါင်းခဏခဏ လျှော်စရာ မလိုပါဘူး။ ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်မျိုးကို သုံးပြီး ရေကို စင်အောင် ဆေးမယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။

ဗောက်ထတတ်တဲ့ တခြားနေရာတွေက

ဗောက်လိုမျိုး အဖတ်လေးတွေ ကွာတာက ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေ ဖြစ်တဲ့ နဖူးပြင်၊ မျက်ခုံး၊ မျက်ခွံနဲ့ နားနေရာတွေမှာလည်း ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်က အမွေးအမှင်တွေနဲ့ နီးစပ်တဲ့ နေရာမျိုးတွေမှာ ဖြစ်တတ်ပြီး အရေပြား ပျက်စီးတာနဲ့ အဆီဓာတ် နည်းတာတွေကြောင့် အဖြစ်များပါတယ်။ အရေပြား ဆရာဝန်ရဲ့ အကူအညီကို ယူပြီး ကုသမှုခံယူပါ။

လေ့လာမှုအရ ဗောက်ပျောက်စေတဲ့ သဘာဝပစ္စည်းတချို့

ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်တွေကို သုံးပေးနိုင်သလို တချို့ လေ့လာမှုတွေအရ ဗောက်ပျောက်စေတဲ့ သဘာဝ ပစ္စည်းတချို့ ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို တစ်ခြမ်း ခွဲလိုက်ပြီး ဦးရေပြားပေါ်မှာ ပွတ်တိုက်ပေးတာက ဦးရေပြားကို အေးမြစေပြီး ယားယံခြင်းကို သက်သာစေပါတယ်။ လက်ဖက်ပင်က အဆီနဲ့ ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးသုံးပါ။ သံပရာသီးနဲ့ ဦးရေပြားကို ခပ်ဖွဖွ ပွတ်ပေးနိုင်သလို၊ သံပရာပါဝင်တဲ့ ခေါင်းလျှော်ရည် အမျိုးအစား သုံးတာကလည်း ဗောက်ကို သက်သာစေပါတယ်။

မှန်ကန်တဲ့ ခေါင်းလျှော်နည်းကို သုံးပါ

ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်မယ်ဆိုရင် အရင်ဆုံး လက်ချောင်းထိပ်လေးတွေနဲ့ ဦးရေပြားအနှံ့ကို ငါးမိနစ်လောက် ပွတ်သပ် နှိပ်နယ်ပေးရပါမယ်။ ဦးရေပြားကိုရော ဆံသားတွေကိုပါ နှံ့သွားပြီဆိုမှ ရေနဲ့ ဆေးကြောသန့်စင်ပေးရပါမယ်။ နေ့တိုင်း ခေါင်းလျှော်တတ်သူ ဆိုရင်တော့ ပုံမှန် ခေါင်းလျှော်ရည်ကို နေ့စဉ် သုံးပေးရာက တစ်ပတ်ကို နှစ်ကြိမ်လောက် ဗောက်ပျောက်စေတဲ့ ခေါင်းလျှော်ရည် သုံးပေးပါ။

နေရောင်နုနု ခံယူပါ

နေရောင်ခြည် နုနုမှာ အချိန် ၁၅ မိနစ်လောက် နေပူဆာ လှုံပေးတာက ဗောက်ထတာကို သက်သာစေနိုင်ပါတယ်။ နေရောင်ခြည်ကြောင့် အရေပြားပေါ်က မှိုပိုးတွေကို သေစေနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါပေမဲ့ နေ့ခင်းဘက် နေရောင်ခြည်ကို ခံယူမယ် ဆိုရင်တော့ နေရောင်ကာခရင်မ် SPF-30 လောက် ပါဝင်တာကို အရင်ဆုံး လိမ်းပြီးမှ နေပူဆာ လှုံသင့်တယ်လို့ ဆိုပါတယ်။

ဆရာဝန်နှင့် တွေ့သင့်သော အချိန်

သင်က ဗောက်ပျောက်စေတဲ့ ဆေးတွေ သုံးနေတာ သုံးလေးပတ်လောက် ရှိနေပြီ ဖြစ်ပေမယ့် မသက်သာသေးရင်၊ ဦးရေပြားက ရောင်ရမ်းပြီး၊ နီရဲနေရင်၊ ခန္ဓာကိုယ်ရဲ့ တခြား နေရာတွေမှာပါ ဖြစ်နေရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဗောက်ဖြစ်စေသော အခြားအကြောင်း

ဦးရေပြားမှာ ဆဲလ်သေနဲ့ မှိုပိုးတွေများလာပြီး ကြာရင် ဗောက်အဖြစ် တွေ့ရတာပါ။ အရေပြားပေါ်က အဆီဂလင်းလေးတွေ ပျက်စီးတာမျိုး၊ အရေပြား ခြောက်သွေ့တာမျိုး၊ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် အမြှုပ်တွေကို ရေစင်အောင် မဆေးမိတာမျိုး၊ ရေသောက်နည်းတာနဲ့ ရေဓာတ် ဆုံးရှုံးတာတွေကြောင့်လည်း ဗောက် ဖြစ်စေနိုင်ပါတယ်။

ဗောက်ထတာကြောင့် ဆံပင်မကျွတ်ပါ

ဗောက်ထတာကြောင့် ဆံပင်အများကြီး ကျွတ်ပြီး ဆံသားဆုံးရှုံးမှုတွေတော့ မဖြစ်နိုင်ပါဘူး။ ဗောက်ရှိတာကြောင့် ဦးရေပြား ယားယံပြီး ကုတ်ခြစ်မိတာကြောင့် အရေပြား ပွန်းပဲ့ပြီး အနာဖြစ်မယ်၊ ခေါင်းကို မကြာခဏ ဆိုသလို ဦးရေပြား ယားယံတာ သက်သာအောင် ဖြီးတတ်တာမျိုးတွေကြောင့်တော့ ယာယီ ဆံပင် ကျွတ်တတ်ပါတယ်။ ဗောက်ပျောက်သွားချိန်မှာတော့ ဆံပင်ကျွတ်တာလည်း သက်သာသွားနိုင်ပါတယ်။

ကလေးငယ်တွေမှာ ဗောက်ဖြစ်တတ်သလား

ကလေးငယ်လေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးငယ်တွေရဲ့ ဦးရေပြား နုနုလေးပေါ်မှာ အဝါရောင်ဖတ်လေးတွေ ကပ်နေတာမျိုးကို တွေ့ဖူးကြမှာပါ။ ရှစ်လကနေ တစ်နှစ်ထိ ကလေးငယ်တွေ ဆိုရင်တော့ ပုံမှန် သန့်ရှင်းရေး ပြုလုပ်နေပြီ ဖြစ်တာကြောင့် သိပ်မတွေ့ရတော့ပါဘူး။ ရေမချိုးခင် ကလေးငယ်ရဲ့ အရေပြားနဲ့ ဦးခေါင်းကို ဟင်းရွက်ဆီ၊ ဒါမှမဟုတ် သံလွင်ဆီလေးနဲ့ ၁၀ မိနစ်လောက် ပွတ်သပ်နှိပ်နယ်ပေးပြီးမှ ရေချိုး သန့်စင်ပေးတာမျိုးဟာ ကလေးငယ်ရဲ့ အရေပြားကို အထူးကောင်းမွန်စေပြီး ဗောက်ထတာလည်း ကင်းစေပါတယ်။

လမင်းလေး
Ref: Good Health
Source: http://news.yatanarpon.com.mm/news/review-66451

No comments:

Post a Comment