Friday 26 October 2012

သင့်ကို မောပန်းမှုဖြစ်စေသော အကြောင်းများ

သင့်ကို မောပန်းမှုဖြစ်စေသော အကြောင်းများ

by NANG KHA YEA on 26.10.2012

မောပန်းနွမ်းနယ်မှုက အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပေမယ့် တချို့လည်း အကြောင်းရှာမရဘဲ မောပန်းနွမ်းနယ်တာ၊ ခြေလက်တွေ မသယ်ချင်လောက်အောင် နုံးချည့်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။


၁။ သံဓာတ်အားနည်းခြင်း

မိန်းကလေးတွေ လစဉ်ဓမ္မတာ သွေးဆင်းတဲ့အခါ သံဓာတ်ဆုံးရှုံးမှုကို ဖြစ်ပေါ်ပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့တာကြောင့် သွေးအားနည်းပြီး မောပန်းမှုကို ဖြစ်စေပါတယ်။ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အဆီထုတ်ထားတဲ့ အသား၊ အသည်း၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ကောက်နှံစာတွေ စားပေးပါ။ လိုအပ်ပါက သံဓာတ်ဖြည့်စွက်ဆေး မှီဝဲပါ။

၂။ စွမ်းအင်မလုံလောက်ခြင်း

ကျန်းမာရေးအတွက် ညီမျှစေတဲ့ အစားအသောက်တွေ စားသောက်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းထားနိုင်တာက သင့်ကို မောပန်းနွမ်းနယ်မှုကနေ ကင်းဝေးစေပါတယ်။ သင့်မနက်စာမှာ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်အောင်စားပါ။ ဥပမာ- ကြက်ဥနဲ့ ကောက်နှံတစ်ခုလုံး ပါဝင်စာ စားပေးတာက သင့်ကို တစ်နေတာလုံး အားအင်ပြည့်ဝ နေစေပါတယ်။

၃။ စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျတဲ့အခါ မောပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ၊ အစာစားချင်စိတ် မရှိတာတွေ ဖြစ်တတ်ပါတယ်။ နှစ်ပတ်ထက်ပိုပြီး စိတ်ဓာတ်ကျနေပါက ဆရာဝန်နဲ့ ပြသတိုင်ပင် ဆေးကုသမှု ခံယူတာက အကောင်းဆုံး နည်းလမ်းပါ။

၎။ အိပ်ချိန်နည်းခြင်း

အိပ်ချိန်နည်းတာက ဦးနှောက်ရဲ့ စူးစိုက်နိုင်တဲ့ အာရုံတွေ ပျက်ပြားပြီး သင့်ကျန်းမာရေးကိုလည်း ထိခိုက်ကာ သင့်ကို မောပန်းနွမ်းနယ် နေစေပါတယ်။  ညတိုင်း သင့်အိပ်ချိန်ကို သတ်သတ်မှတ်မှတ်ထားပါ။ အိပ်ခန်းတွင်းမှာ လက်တော့ပ်ထားရှိပြီး အင်တာနက် သုံးစွဲတာနဲ့ လက်ကိုင်ဖုန်းမပိတ်ဘဲ ထားတာတွေက သင့်အိပ်ချိန်တွေကို ခိုးယူနိုင်ပါတယ်။ အရွယ်ရောက်ပြီးသား လူလတ်ပိုင်း တစ်ယောက်ဟာ တစ်ညကို အိပ်ချိန် ခုနစ်နာရီနဲ့ ရှစ်နာရီကြား ရှိသင့်ပါတယ်။

၅။ ဟောက်၍ အိပ်ရေးမဝခြင်း

အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ကျဉ်းတာကြောင့် ဟောက်ပြီး အိပ်ရာမှနိုးလိုက်၊ လူးလိမ့်ရင်း ပြန်ပျော်သွားလိုက်၊ နိုးလိုက်နဲ့ ဖြစ်နေတာကြောင့် အိပ်ချိန်အပြည့်အဝ အိပ်ပေမယ့် အိပ်ရေးမဝဖြစ်ပြီး မောပန်းရတာပါ။ ခန္ဓာကိုယ်အလေးချိန် များနေပါက ကိုယ်အလေးချိန်လျှော့ပါ။ ဆေးလိပ်ဖြတ်ပါ။

၆။ သိုင်းရွိုက်ဟော်မုန်း လျော့နည်းခြင်း

လည်ပင်းရဲ့ အခြေနားမှာရှိတဲ့ လိပ်ပြာပုံသဏ္ဌာန် သိုင်းရွိုက်ဂလင်းက ထုတ်လုပ်တဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို ထိန်းညှိပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းတာကြောင့် မောပန်းနွမ်းနယ်မှု ဖြစ်စေပါတယ်။

၇။ ကော်ဖီသောက်များခြင်း

သင့်တင့်တဲ့ ကဖင်းပမာဏက သင့်ကို စိတ်ဓာတ်နိုးကြား တက်ကြွစေပြီး စူးစိုက်အားကောင်းတယ် ဆိုပေမယ့် ကော်ဖီအသောက်များလို့ ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်တွေ များနေပါက ရင်တုန်တာ၊ သွေးဖိအားတက်တာ၊ စိတ်လှုပ်ရှားတာတွေ ဖြစ်စေပါတယ်။ လေ့လာမှုတွေအရ ကဖင်းဓာတ်များတာက လူကို နုံးချည့်နေစေပါတယ်။ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ အချိုရည်နဲ့ ဆေးတချို့ကို တဖြည်းဖြည်းချင်း လျှော့ချပါ။ ရုတ်တရက် ဖြတ်လိုက်တာမျိုးက လူကို ပင်ပန်းနွမ်းနယ်မှု ပိုမိုဖြစ်စေပါတယ်။

၈။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ဆီးလမ်းကြောင်းမှာ ပိုးဝင်ပါက နာကျင်မှုနဲ့ မကြာခဏ ဆီးသွားချင်စိတ်တွေ ဖြစ်ပေါ်နေတတ်တဲ့အပြင် တချို့တွေမှာ မောပန်းနွမ်းနယ်တဲ့ လက္ခဏာတစ်ခုတည်းပဲ ပြတတ်တာမျိုးလည်း ရှိပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာကို ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ ကုသလိုက်ပါက မောပန်းနွမ်းနယ်တာပါ တစ်ပတ်အတွင်း ပျောက်ကင်းနိုင်ပါတယ်။

၉။ ဆီးချိုသွေးချိုရောဂါ

ဆီးချိုသွေးချိုရောဂါ ရှိသူတွေရဲ့ သွေးတွင်းသကြားဓာတ်တွေက စွမ်းအင်အဖြစ် မပြောင်းလဲဘဲ သွေးထဲမှာ ကြာရှည်ရှိနေတာကြောင့် ဘာကြောင့်မှန်း မသိဘဲ မောပန်းနေတတ်တာမျိုး ဖြစ်တတ်ပါတယ်။ နေထိုင်မှုပုံစံ ပြောင်းလဲတာ၊ ဆေးဝါးကုသမှု ခံယူတာတွေနဲ့ ဆီးချိုသွေးချိုရောဂါကို ထိန်းသိမ်းနိုင်ပါတယ်။

၁၀။ ရေဓာတ်ခန်းခြောက်ခြင်း

မောပန်းနွမ်းနယ်တာက ရေဓာတ်ခန်းခြောက်တာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ရေဆာတာက သင့်ခန္ဓာကိုယ်က ရေဓာတ် လိုအပ်ကြောင်း ပြသတာပါ။ တစ်နေ့ကို ရေဓာတ်လုံလောက်စွာ သောက်သုံးမှု ရှိ၊ မရှိကို သင့်ဆီးအရောင်ကို ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဆီးအရောင် ကြည်လင်နေတဲ့အထိ ရေသောက်ပေးဖို့ လိုပါတယ်။ သင်က လှုပ်ရှားမှုတွေ ပြုလုပ်ပြီးတိုင်း ရေနှစ်ခွက်သောက်ပေးဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေပိုသောက်ပေးပါ။

၁၁။ နှလုံးရောဂါ

အိမ်သန့်ရှင်းရေးလုပ်တာ၊ ခြံတွင်းရှင်းလင်းရေးလုပ်တာ စတဲ့ အိမ်တွင်းကိစ္စ အနည်းငယ်လုပ်ပြီးတိုင်း မောပန်းနေရင်တော့ သင့်နှလုံးက ခံနိုင်ရည်မရှိတာ ဖြစ်နိုင်ပါတယ်။ လူမှုဘဝ နေထိုင်မှုပုံစံ ပြောင်းလဲတာ၊ တရားထိုင်တာနဲ့ ဆေးဝါးကုသမှုတွေကြောင့် နှလုံးရောဂါကို ထိန်းထားနိုင်ပြီး မောပန်းမှုမှ ကင်းဝေးစေပါတယ်။

၁၂။ ညဘက် အလုပ်လုပ်ရခြင်း

ညဘက် အလုပ်လုပ်တာကြောင့် သင့်အိပ်ချိန်တွေ မှားယွင်းနိုင်ပါတယ်။ ညဘက် အလုပ်လုပ်ပြီး နေ့ဘက်မှာ အိပ်မရတာကြောင့် လူတစ်ကိုယ်လုံး နုံးချည့်နေတာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ နေ့ဘက်မှာ အိပ်စက်မရဖြစ်စေတဲ့ နေ့အလင်းရောင်ကို လျှော့ချပါ။ သင့်အခန်းကို အလင်းရောင်မရဘဲ တိတ်ဆိတ်ပြီး အေးမြနေအောင် ဖန်တီးပေးတာက အိပ်ပျော်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်။

၁၃။ အစားအသောက်နှင့် မတည့်ခြင်း

အစားအစာနဲ့ ဓာတ်မတည့်တာကြောင့် အိပ်ချင်ငိုက်မျဉ်းတာမျိုး ကြုံဖူးမှာပါ။ အစားအစာစားပြီးနောက်မှာ နုံးချည့်လာတာမျိုးပါ။ ဘယ်အစားအစာမျိုး စားမိပြီးနောက် နုံးချည့်တာ ခံစားရလဲဆိုတာ သင်ကိုယ်တိုင် မှတ်သားထားပြီး ရှောင်ရှားဖို့ လိုပါတယ်။

၁၄။ ကြွက်သားများ အားနည်းခြင်း

သင်ရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို စီမံမှုမပြုနိုင်လောက်အောင် ခြောက်လနဲ့အထက် နာတာရှည် နွမ်းနယ်နေပါက ကြွက်သားတွေ အားနည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။ နေ့စဉ် လှုပ်ရှားမှုပုံစံ၊ အိပ်ချိန်တွေကို ပြောင်းလဲပေးပြီး သင့်တင့်တဲ့ လေ့ကျင့်ခန်း ပြုလုပ်ပေးပါ။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Ref: Good Health
Source: http://news.yatanarpon.com.mm/news/review-69274
shared by>>> http://www.facebook.com/myatsunhealtharticles

No comments:

Post a Comment