Monday 22 October 2012

ကြွက်တက်တတ်ပါသလား

ကြွက်တက်တတ်ပါသလား

by NANG KNA YEA on 23.10.2012

ကြွက်သားမျှင်တွေ တာရှည်စွာ ကျုံ့ထားရတာကြောင့် ကြွက်သား တစ်ခု ဒါမှမဟုတ်  ကြွက်သား တစ်အုပ်စု အကြောဆွဲရာမှ ကြွက်တက်တာ ဖြစ်လာပါတယ်။ ကြွက်တက်ရင် ၁၀ မိနစ်ခန့် ကြာတတ်ပါတယ်။ ခြေသလုံး ကြွက်သား၊ ပေါင် အနောက်ဘက်၊ ခြေထောက်နဲ့ ခြေချောင်းတွေမှာ များသောအားဖြင့် ကြွက်တက် တတ်ပေမယ့် သားအိမ်နဲ့ အူတွေ အပါအဝင် ခန္ဓာကိုယ်နေရာ အနှံ့မှာလည်း ဖြစ်တတ်ပါတယ်။ ကြွက်တက်တာ ပြီးသွားရင်တောင် ၂၄ နာရီခန့် နာကျင်တာတွေ ဆက်လက် ခံစားရနိုင်ပါတယ်။


ဘာကြောင့် ကြွက်တက်ရပါသလဲ
ကြွက်သားတွေ တင်းကျပ်နေတာ ဒါမှမဟုတ် တင်းမာနေတာ၊ ရေဓာတ် လျော့နည်းတာ (ချွေးထွက်လွန်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ ဒါမှမဟုတ် ပျို့အန်တာကြောင့်)၊ သွေးလှည့်ပတ်မှု မကောင်းတာ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်ဓာတ် ချို့တဲ့တာ၊ ကိုယ်ဝန်ဆောင်တာနဲ့ တချို့ ဆေးဝါး အသုံးပြုရတာကြောင့် ကြွက်တက်တတ်ပါတယ်။ ဆွဲဆန့် လေ့ကျင့်ခန်းကို သေသေချာချာ မလုပ်ဘဲ လေ့ကျင့်ခန်း လုပ်တာနဲ့ အသက်အရွယ် ကြီးလာတာကြောင့်လည်း ကြွက်တက် တတ်ပါတယ်။

ဘယ်လို ကုသရမလဲ
သင့်မှာ တခြားရောဂါ ရှိ၊ မရှိ ဒါမှမဟုတ် သင်သောက်နေကျ ဆေးဝါးကြောင့် ဖြစ်တာလား သိနိုင်အောင် ဆရာဝန်နဲ့ ပြပါ။ အောက်ပါတို့ကိုလည်း ပြုလုပ်ပါ။

၁။ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ် ပါဝင်မှုများတဲ့ အစာ စားပါ
ဥပမာ နို့နဲ့ နို့ထွက် ပစ္စည်းများ၊ ပင်လယ်စာ၊ ငါးသေတ္တာ၊ အခွံမာသီး၊ အစေ့အဆန် ကောက်နှံတစ်ခုလုံး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်နဲ့ ငှက်ပျောသီး။

၂။ ရေ လေးပုလင်း သောက်ပါ
ရေဓာတ်ဆုံးရှုံးမှု မရှိအောင် နေ့စဉ် ရေ လေးပုလင်းခန့် သောက်ပေးပါ။ သင်ဆီးသွားရင် ဆီးအရောင်ကို စစ်ဆေးကြည့်ပါ။ အဝါဖျော့ရောင် ဖြစ်ရမှာ ဖြစ်ပြီး ဒီအရောင်ထက် ပိုရင့်ရင် ရေများများ သောက်ရပါမယ်။

၃။ ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်သောက်တာကြောင့် သွေးလှည့်ပတ်မှုကို ထိခိုက်နိုင်ပြီး မကြာခဏ ကြွက်တက်နိုင်ပါတယ်။

၎။ ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ
အသက်ကြီးတာနဲ့ လှုပ်ရှားမှု နည်းသွားတာကြောင့် ကြွက်သားတွေ သိမ်သွားတတ်ပြီး ကြွက်တက်နိုင်ခြေ များသွားပါတယ်။ လမ်းလျှောက်တာ၊ ပြေးတာ၊ ကတာ ဒါမှမဟုတ် ရေကူးတာတွေ လုပ်ပါ။ ဒါပေမဲ့ လေ့ကျင့်ခန်း မလုပ်ခင် သွေးပူလေ့ကျင့်ခန်း အရင်လုပ်ပြီး လေ့ကျင့်ခန်း လုပ်အပြီးမှာ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပါ။ တစ်ကြိမ် မိနစ် ၃၀ နဲ့ တစ်ပတ် ငါးကြိမ် ပြုလုပ်ပါ။

၅။ ဆွဲဆန့်လေ့ကျင့်ခန်း လုပ်ပါ
ယောဂနဲ့ ထိုက်ချိ လေ့ကျင့်ခန်းတွေမှာ သင့်ခန္ဓာကိုယ် ပျော့ပျောင်းဖို့ ဆွဲဆန့် လေ့ကျင့်ခန်းတွေ အများအပြား ပါဝင်တာကြောင့် အဲဒီလေ့ကျင့်ခန်း လုပ်ပါ။ ဒါ့အပြင် ခြေသလုံးကြွက်သား ဆွဲဆန့် လေ့ကျင့်ခန်းကို နေ့စဉ် သုံးကြိမ် ပြုလုပ်ပါ။ နောက်ဆုံးအကြိမ်ကို အိပ်ရာ မဝင်ခင်မှာ ပြုလုပ်ပေးပါ။ နံရံကို မျက်နှာမူပြီး လက်ဖဝါးနဲ့ နံရံကို ထိထားပါ။ ဒူးခေါင်းတစ်ဖက်ကို ကွေးလိုက်စဉ်မှာ ခြေထောက် နောက်တစ်ဖက်ကို နောက်သို့လှန်းပြီး ခြေသလုံးကြွက်သား ဆွဲဆန့်သလို ခံစားရတဲ့အထိ ခြေဖနောင့်ကို ကြမ်းပြင်ပေါ် ဖိချပါ။ တစ်မိနစ်လောက် ထားပြီး နောက်တစ်ဖက် ပြောင်းလုပ်ပါ။

၆။ ခြေထောက်အောက်မှာ ခေါင်းအုံးခုပြီး အိပ်ပါ

၇။ ကြွက်တက်တဲ့ နေရာကို နှိပ်ပေးပါ
ကြွက်တက်တဲ့ နေရာကို သံလွင်ဆီ ပူပူနွေးနွေးလေးကို စံပယ်ပန်းဆီနဲ့ ရောစပ်ပြီး လိမ်းပေးကာ နှိပ်နယ်ပေးပါ။ ကြွက်တက်တာ ပျောက်ကင်းသွားရင် အဲဒီနေရာကို ရေနွေးအိတ် ကပ်ပေးပါ။

၈။ အားဖြည့်ဆေး သောက်ပါ
ကြွက်တက်တာ (အထူးသဖြင့် ညပိုင်းဖြစ်တာ) သက်သာသွားနိုင်ပါတယ်။ ဗီတာမင် B complex သောက်ရင်လည်း သက်သာနိုင်ပါတယ်။

၉။ ချမိုမိုင်း လက်ဖက်ရည် သောက်ပါ
Chamomile လက်ဖက်ရည်ကြမ်းဟာ ခန္ဓာကိုယ်တွင်း ကြွက်သား ဖြေလျှော့ပစ္စည်း (Muscle Relaxant) ထုတ်လုပ်မှု ပိုများစေပါတယ်။ ဓမ္မတာ ဝေဒနာကိုလည်း သက်သာနိုင်ပါတယ်။ ဝမ်းဗိုက် ထိုးအောင့်တာ (အူကြွက်တက်တာ) အတွက် စမုန်စပါး လက်ဖက်ရည်ကြမ်း သောက်ပါ။       


ဒေါက်တာခင်မိုးမိုး Ref: By Good Health
Source: http://www.yatanarpon.com.mm/cp/goodhealth/news-17065
shared by >>>http://www.facebook.com/notes/health-articles

No comments:

Post a Comment