Tuesday 27 November 2012

သွယ်လျပြီးသား သင့်ခန္ဓာကိုယ်ကို ဘယ်လို ထိန်းမလဲ

by popozaw on 27.11.2012

အသက်ငယ်ရွယ်စဉ်ကာလမှာ အချိုးအစား ကျနနေတဲ့ သင့်ခန္ဓာကိုယ်ဟာ အနည်းငယ် အသက်ရလာတာနဲ့ တဖြည်းဖြည်း ပြည့်ဖြိုးလာပါတော့မယ်။ ကိုယ်နဲ့ သက်တူရွယ်တူတွေ ဝမလာပဲ ပုံမှန်လေးပဲ လှပနေတာကို သင်ငေးကြည့်နေရမယ့် အဖြစ်မျိုး မရောက်ချင်ဘူးဆိုရင်တော့ သင့်ရဲ့ လှပြီးသား ခန္ဓာကိုယ် အလှအပတွေကို အတတ်နိုင်ဆုံး ထိန်းသိမ်းရပါလိမ့်မယ်။


အမျိုးသမီးများဟာ သူတို့ခန္ဓာကိုယ် အလေးချိန်တွေ ကျသွားပြီးရင် ပုံမှန်အတိုင်းပဲ ပြန်လည်စားသောက်ရင်း ဝိတ်တွေ ပြန်တက်လာတတ်ပါတယ်လို့ အမေရိကန် အာဟာရဆိုင်ရာ လူမှုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နာအိုမီ ဖူဂါကာဝါက ပြောပါတယ်။ သင့်ရဲ့ နေ့စဉ်အစားအသောက် ပုံစံနဲ့ အလေ့အကျင့်အချို့ကို နည်းနည်းလောက် ပြောင်းလဲပေးလိုက်ရုံနဲ့ သင်ရဲ့ ကိုယ်အလေးချိန်ကို ပုံမှန်လေး ထိန်းထားပေးနိုင်မယ်ဆိုရင် သင်စိတ်ဝင်စားလိမ့်မယ် ထင်ပါတယ်။

၁။ နေ့စဉ် ကိုယ်အလေးချိန်ချိန်ပါ
နေ့စဉ်ကိုယ်အလေးချိန်ကို စစ်ဆေးခြင်းဟာ သင့်ရဲ့ စားသောက်မှုပုံစံကို အများကြီး ပြောင်းလဲစေပါတယ်။ Drexel တက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ ပေါင် ၃၀ လောက် လျော့သွားအောင် ကြိုးစားထားတဲ့ သူတွေထဲက အချို့ဟာ တစ်နှစ်မှာ ၄ ပေါင်ပဲ တက်ပေမယ့် တချို့ကတော့ ၂ ဆလောက်ထိ အလေးချိန် ပြန်တက်လာတာကို တွေ့ရပါတယ်။ အကြောင်းရင်းကို ရှာဖွေလိုက်တော့ ၄ ပေါင်ပဲ တက်လာတဲ့သူတွေဟာ သူတို့ရဲ့ ကိုယ်အလေးချိန်ကို နေ့စဉ် စစ်ဆေးနေကြတဲ့သူတွေဖြစ်ပြီး ၂ ဆလောက်တက်လာတဲ့ အုပ်စုကတော့ မေ့မေ့လျော့လျော့ နေနေကြတဲ့သူတွေ ဖြစ်တာကို လေ့လာတွေ့ရှိရပါတယ်တဲ့။

၂။ အသားဓာတ်ပါတဲ့ အစားစားတွေ များများ စားပါ
တစ်ရက်ကို အသားဓာတ် ၂၅ ရာခိုင်နှုန်းလောက် ပါအောင် စားသုံးတဲ့ အမျိုးသမီးတွေဟာ တစ်နှစ်အတွင်း ၁၄ ပေါင်လောက် လျော့ကျသွားအောင် လျှော့ချနိုင်တာကို တွေ့ရတယ်လို့ American Journal of Clinical Nutrition မှာ ဖော်ပြထားပါတယ်။ အသားဓာတ်များများ ပါတဲ့ ဂရိပုံစံ ဒိန်ချဉ်တွေဟာ အများကြီး အထောက်အကူ ပြုပါတယ်။ အသားဓာတ်အများဆုံး ပါဝင်တဲ့ ပဲလိုဟာမျိုးတွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အဆီတွေ ပါဝင်နိုင်မယ့် အချိုးအစားကို လုယူနိုင်တာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါအပြင် ပရိုတိန်းလို့ ခေါ်တဲ့ အသားဓာတ်ဟာ ဟော်မုန်းထုတ်လုပ်မှုကိုလည်း အထောက်အကူ ပြုတာကြောင့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။

၃။ အသီးအရွက်ကို အားပြုစားပါ
အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ သာမက ဘယ်အသီးအရွက်ကိုမဆို အဓိကထား စားသုံးခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။ ကစီဓာတ် (ကာဘိုဟိုက်ဒရိတ်) ပါတဲ့ အာလူးနဲ့ ထမင်းကို အားပြုစားသုံးတဲ့သူတွေထက် စာလျှင် ကျန်တဲ့အသီးအရွက်တွေကို အဓိကထား စားသုံးသူတွေဟာ ကိုယ်အလေးချိန် ပိုထိန်းနိုင်တာကို တွေ့ရှိရပါတယ်။

၎။ နာရီဝက်အချိန်ပေးပါ
တစ်နေ့မှာ နာရီဝက်ပဲ အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု ပြုတဲ့သူတွေဟာ ကိုယ်အလေးချိန် မတက်တဲ့အပြင် ပိုမိုလန်းဆန်းနေလေ့ရှိကြောင်း အရီဇိုးနားတက္ကသိုလ်က လေ့လာတွေ့ရှိခဲ့ပါတယ်။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးခြင်းဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲက ပိုနေတဲ့စွမ်းအင်တွေကို ချေဖျက်ပေးနိုင်သလို တခါတရံ အလွန်အကျွံ စားသောက်မိတဲ့ အဆီနဲ့ ကဆီဓာတ်များတဲ့ အစားအစာတွေကို ပိုမိုလျင်မြန်စွာ ချေဖျက်ပေးနိုင်တာကြောင့် နာရီဝက်လောက် အပင်ပန်းခံရုံနဲ့ သူများထက် ပိုမို လန်းဆန်းနေမှာ ဖြစ်ပါတယ်။

၅။ အပြင်ထွက် စားတာ၊ ဝယ်စားတာတွေ လျှော့ပါ
အပြင်ဆိုင်တွေက ချက်ပြုတ်သမျှတွေဟာ သင့်အတွက် မလိုအပ်တဲ့ ကယ်လိုရီတွေ အများအပြား ပါဝင်နေပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်လောက် အလွယ်စာ စားတဲ့သူနဲ့ အပြင်စာ လုံးဝမစားတဲ့သူရဲ့ ကြားက ကွာဟမှုဟာ ၆၂ ရာခိုင်နှုန်းတောင် ရှိပါတယ်တဲ့။ သုတေသီတွေကရဲ့ အကြံပြုချက်အရ အပြင်စာစားမယ်ဆိုရင် ပုံမှန်ထက် တဝက်လောက်ပဲ စားဖို့ အကြံပြုထားပါတယ်။
ဒီလို အချက်တွေကို လိုက်နာနိုင်တယ်ဆိုရင် သင်ရဲ့ သွယ်လျလှပ အချိုးကျတဲ့ ခန္ဓာကိုယ်ကို ဘယ်အရွယ်ရောက်ရောက် ထိန်းချုပ်နိုင်ပါလိမ့်မယ်။
Ref: Shape
source>>>http://www.delodelo.com/news/how-to-maintain-your-slim-body/

No comments:

Post a Comment