Sunday 16 September 2012

နှလုံးကျန်းမာရေး ကောင်းမွန်စေနိုင်မည့် အံ့အားသင့်ဖွယ် လျှို့ဝှက်ချက်များ

နှလုံးကျန်းမာရေး ကောင်းမွန်စေနိုင်မည့် အံ့အားသင့်ဖွယ် လျှို့ဝှက်ချက်များ

by nang kha yea

နှလုံးကျန်းမာရေးအတွက် သင်ရဲ့ နှလုံးခုန်နှုန်းကို စစ်ဆေးရပါမယ်။  နော်ဝေမှာ လေ့လာမှုကြီး တစ်ခုအရ သင်ရဲ့ နှလုံးခုန်နှုန်းကို တစ်မိနစ်လျှင် အကြိမ် ၇၀ ဒါမှမဟုတ် ဒါထက်နည်းအောင် ထားနိုင်ရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ သိရပါတယ်။ နှလုံးခုန်နှုန်း မြန်တာကြောင့် သွေးဖိအားမြင့်တက်တာ၊ သွေးကြော ကျဉ်းမြောင်းတာ ဒါမှမဟုတ် စိတ်ဖိစီးမှု ဟော်မုန်းတွေ မြင့်မားတာ ဖြစ်တတ်ပါတယ်။ နှလုံးခုန်နှုန်း မြန်ဆန်နေတာကို နှေးကွေးသွားအောင် အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။


စိတ်ဖိစီးမှု ပြေပျောက်အောင် သီချင်းနားထောင်ပါ

လမ်းမပေါ်မှာ ကားတွေ ပြွတ်သိပ်နေတာကြောင့် ကိုယ်သွားလိုတဲ့နေရာကို မရောက်နိုင် ဖြစ်နေရင် ဒါမှမဟုတ် တန်းစီနေရတဲ့အချိန် ကြာနေရင် သီချင်းနားထောင်လိုက်ပါ။ သီချင်း နားထောင်တာကြောင့် ဖိစီးမှုဟော်မုန်း မြင့်တက်တာကို ထက်ဝက်ခန့် ကျဆင်းနိုင်ပြီး နှလုံးခုန်နှုန်း ခုနစ်မှတ်ခန့် လျော့ကျနိုင်တယ်လို့ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

သွေးကြောများ ကျန်းမာအောင် ငါးစားပါ

တစ်ပတ်ကို ပြုတ်ထားသော ငါး၊ ငါးကင် ဒါမှမဟုတ် ငါးသေတ္တာဟင်းကို ၁၈ အောင်စခန့် ပုံမှန်စားသူတွေဟာ ငါးဟင်း အစားနည်းသူတွေထက် နှလုံးခုန်နှုန်း နှေးကွေးတယ်လို့ ဟားဗတ်မှ လေ့လာမှုအရ သိရပါတယ်။ ငါးမှာ ပါဝင်တဲ့ ကျန်းမာရေး ကောင်းစေတဲ့ အဆီတွေက သွေးဖိအား ကျဆင်းတာ၊ သွေးကြောတွေပွင့်တာနဲ့ နှလုံးကျန်းမာပြီး  သန်မာစေနိုင်တာကြောင့်လို့ ဆိုပါတယ်။

နှလုံးခုန်နှုန်း နှေးအောင် လက်နဲ့ထိတွေ့ပါ

သင့်လက်တွေမှာ ဖိအားကို လက်ခံတဲ့ အာရုံကြောတွေရှိပြီး သူတို့ကို လှုံ့ဆော်မှုပေးတာကြောင့် နှလုံးနဲ့ အာရုံကြောစနစ်ကို အေးချမ်းစေနိုင်တဲ့ အချက်အလက်တွေ ပို့ပေးပါတယ်။ ဒါကြောင့် သင်ချစ်နှစ်သက်သူ တစ်ယောက်ရဲ့ လက်ကို ဆုပ်ကိုင်ထားတာကြောင့် တစ်မိနစ်အတွင်း နှလုံးခုန်နှုန်းနှေးသွားပြီး တစ်နာရီခန့် စိတ်အေးချမ်းမှု ရရှိစေနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လမ်းမြန်မြန်လျှောက်တာ၊ ရေကူးတာ၊ ပန်းပင်စိုက်တာလိုမျိုး အေရိုးဗစ် လေ့ကျင့်ခန်းတွေကို နေ့စဉ် မိနစ် ၃၀ ခန့် ပြုလုပ်တာကြောင့် တစ်လအတွင်း နှလုံးခုန်နှုန်း ၁၀ မှတ်ခန့် ကျဆင်းနိုင်တယ်လို့ အင်ဒီယားနား တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် နှလုံးသန်မာစေပြီး တစ်သျှူးအတွင်း သွေးတွေရောက်အောင် နှလုံးအားစိုက်ပြီး ညှစ်ထုတ်ရတာ နည်းသွားနိုင်တာကြောင့်လို့ ဆိုပါတယ်။

Tips

သင့်နှလုံးခုန်နှုန်းကို တိုင်းတာနည်း

မနက်စောစော သင်အိပ်ရာမှ မထခင်မှာ သင့်လက်ညှိုးနဲ့ လက်ခလယ်ကို အသုံးပြုပြီး လက်ကောက်ဝတ်အတွင်း နေရာမှ သွေးခုန်နှုန်း နေရာကို ရှာဖွေပြီး နာရီအသုံးပြုကာ ၁၀ စက္ကန့်ခန့် သွေးခုန်တဲ့ အကြိမ်ရေကို မှတ်ထားပါ။ အဲဒီအဖြေကို ခြောက်နဲ့မြှောက်လိုက်ရင် သင်ရဲ့ တစ်မိနစ်မှာ သွေးခုန်တဲ့ အကြိမ်ကို ရရှိနိုင်ပါတယ်။ ဥပမာ ၁၀ စက္ကန့်အတွင်း သွေးခုန်တဲ့အကြိမ်ရေဟာ ၁၁ ကြိမ်ဖြစ်ရင် တစ်မိနစ်အတွက် သွေးခုန်နှုန်းဟာ ၁၁ x ၆ = ၆၆ ကြိမ်ပါ။


ဒေါက်တာခင်မိုးမိုး
Ref:Good Health
Source: http://www.yatanarpon.com.mm/news/review-63069

No comments:

Post a Comment