Thursday 18 October 2012

အမျိုးသားများတွင် အဖြစ်များသော ရောဂါများနှင့် ကာကွယ်နည်းများ

အမျိုးသားများတွင် အဖြစ်များသော ရောဂါများနှင့် ကာကွယ်နည်းများ

by NANG KHA YEA on 19.10.2012


(၁) နှလုံးရောဂါ

နှလုံးရောဂါဟာ အမျိုးသားအများစုကို အဓိက သေဆုံးစေတဲ့ ရောဂါတစ်ခုပါ။ နှလုံးရောဂါမှာ ရောဂါပုံစံ အမျိုးမျိုးရှိပြီး အဖြစ်များဆုံးဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါပဲဖြစ်ပါတယ်။ အဲဒီအထဲက နှလုံးသွေးကြော မာကျောကျဉ်းမြောင်းတဲ့ ရောဂါက အဖြစ်များပါတယ်။ သွေးတိုးတာဟာ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကို အဖြစ်များစေတဲ့ အဓိက အန္တရာယ်တွေပါ။ နှလုံးရောဂါကို ဂရုစိုက် မကုသတဲ့အတွက် နှလုံးဆီကို သွေးထောက်ပံ့မှု မလုံလောက်ဘဲ ပိတ်ဆို့တဲ့ အခြေအနေဟာ ပြင်းထန်လာရင် နှလုံးရောဂါထခြင်း (Heart Attack) ရကာ သေဆုံးနိုင်ပါတယ်။



ဘယ်လို ကာကွယ်သင့်သလဲ

အမေရိကန် နှလုံးအဖွဲ့အစည်းရဲ့ အဆိုအရ နှလုံးရောဂါဖြစ်စေတဲ့ အဓိက အကြောင်းရင်းတွေဟာ အမျိုးသားဖြစ်တာ၊ အသက်ကြီးတာ၊ သွေးတွင်း ကိုလက်စထရော ပမာဏများတာ၊ သွေးဖိအားများတာ၊ ဆီးချိုသွေးချိုရောဂါရှိတာ၊ အရက်စွဲတာ၊ အဝလွန်တာ၊ ကိုယ်လက်လှုပ်ရှားမှု မရှိတာနဲ့ စိတ်ဖိစီးမှုများတာ စတဲ့အချက်တွေနဲ့ ဆက်စပ်နေကြောင်း သိရပါတယ်။ ဒါကြောင့် အမျိုးသားတွေမှာ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်စေဖို့ အစားအသောက်၊ လေ့ကျင့်ခန်းနဲ့ စိတ်ဖိစီးမှု လျှော့ချတာ စတဲ့အချက်တွေက အရေးပါနေပါတယ်။

(၂) ကင်ဆာရောဂါ

အမျိုးသားတွေရဲ့ ကင်ဆာရောဂါ ဖြစ်နှုန်းဟာ အမျိုးသမီးတွေမှာထက် အနည်းငယ် ပိုမြင့်တက်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တိုင်းပြည်အများစုမှာ ကင်ဆာရောဂါ ဖြစ်နှုန်းဟာ ၂၅ နှစ်အတွင်း နှစ်ဆ မြင့်တက်လာနိုင်ပြီး အမျိုးသားတွေမှာဖြစ်တဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းဟာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ဆိုပါတယ်။ အမျိုးသားတွေမှာ အဖြစ်များဆုံး ကင်ဆာတွေကတော့ အရေပြား၊ ဆီးကျိတ်၊ အဆုတ်၊ အူမကြီးနဲ့ စအို၊ သားနံရည်ကျိတ်၊ ခံတွင်း၊ ဝှေးစေ့ စတဲ့ အစိတ်အပိုင်းတွေမှာဖြစ်တဲ့ ကင်ဆာတွေပဲ ဖြစ်ကြပါတယ်။ ကင်ဆာ ရှိ၊ မရှိ သတိပေး လက္ခဏာတွေကတော့ ထုံးစံမဟုတ်တဲ့ သွေးထွက်တာ၊ အူလှုပ်ရှားမှု ပြောင်းလဲတာ၊ ဆီးအိတ်ပြောင်းလဲတာ၊ အနာတာရှည်ဖြစ်တာ၊ ခန္ဓာကိုယ်ပေါ်မှာ အဖုအပိမ့်ဖြစ်တာ၊ အစာမျိုရခက်ခဲတာနဲ့ အစာမကြေတာ၊ မှဲ့ပြောင်းလဲတာ၊ ကြွက်နို့၊ အသားမာ စတာတွေရဲ့ ပုံစံပြောင်းလဲတာ၊ တာရှည်ချောင်းဆိုးတာ၊ အသံကြာကြာဝင်တာတို့ ဖြစ်တတ်ပါတယ်။

ဘယ်လို ကာကွယ်သင့်သလဲ

ကင်ဆာဖြစ်ရတဲ့ အကြောင်းရင်းကို အပြည့်အဝ မသိရသေးပေမယ့် မျိုးရိုးရှိတာ၊ ဆေးလိပ်သောက်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ အစားအသောက် စားသုံးတာ၊ အရက် အလွန်အမင်းသောက်တာ၊ နေရောင်ခြည်ကြောင့် အရေပြားလောင်တာ၊ ဓာတ်ရောင်ခြည်သင့်တာ၊ ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှု စတဲ့ အချက်တွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒီအချက်တွေကို ရှောင်ရပါမယ်။

(၃) လေဖြတ်ခြင်း

ဦးနှောက်ဆီကို သွေးထောက်ပံ့မှု ရပ်တန့်ပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေဟာ အောက်ဆီဂျင် ပြတ်လပ်မှုကြောင့် ပျက်စီးသွားတဲ့ အခြေအနေဖြစ်ပါတယ်။ အမေရိကန် နှလုံးကျန်းမာရေး အသင်းကြီးရဲ့ ခန့်မှန်းချက်အရ အမေရိကန်လူမျိုး ခြောက်သိန်းကျော်ဟာ လေဖြတ်ဝေဒနာကို ခံစားနေရပြီး အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လေဖြတ်နိုင်ခြေ ၂၀ ရာခိုင်နှုန်း ပိုမိုမြင့်မားပါတယ်။

ဘယ်လို ကာကွယ်သင့်သလဲ

လေဖြတ်စေတဲ့ အကြောင်းရင်းတွေဟာ သွေးတိုးတာ၊ နှလုံးရောဂါ တစ်ကြိမ်ထဖူးတာ၊ အသက်ကြီးတာ၊ မိသားစုမျိုးရိုးရှိတာ၊ သွေးတွင်းကိုလက်စထရော ပမာဏ မြင့်မားတာ၊ ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ အရက်စွဲတာနဲ့ ကိုယ်လက်လှုပ်ရှားမှု မလုပ်တာ စတဲ့အချက်တွေပဲ ဖြစ်ကြပါတယ်။

(၄) ဆီးလမ်းကြောင်း ပြဿနာများ

အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပြဿနာတွေကတော့ ဆီးမကြာခဏ သွားလိုတာ၊ ညမှာ ဆီးသွားများတာ၊ ဆီးသွားစဉ်နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ ဆီးမသွားနိုင်တာ၊ ဆီးထဲသွေးပါတာ၊ ဆီးမထိန်းနိုင်တာ စတဲ့အချက်တွေပဲ ဖြစ်ကြပါတယ်။ လိင်ကနေတစ်ဆင့် ကူးစက်ရရှိတဲ့ ရောဂါတွေအနက် အဓိကခံစားရတဲ့ ရောဂါလက္ခဏာ တစ်ရပ်ဟာ ဆီးပြွန်ရောင်ရမ်းမှုပဲ ဖြစ်ပါတယ်။ ကျောက်ကပ် ကျောက်တည်တာကလည်း ဆီးလမ်းကြောင်း ပြဿနာတွေမှာ အဖြစ်များတဲ့ ပြဿနာတွေပဲဖြစ်ပြီး ဆီးကျောက်တည်သူ ၁၀၀ မှာ ဂ၀ ဟာ အမျိုးသားတွေ ဖြစ်ကြပါတယ်။

ဘယ်လို ကာကွယ်သင့်သလဲ

ဆီးကျောက်မတည်အောင် ကာကွယ်သင့်တဲ့ အကောင်းဆုံးနည်းကတော့ နေ့စဉ် အရည်များများ သောက်တာပဲ ဖြစ်ပါတယ်။ တခြားနည်းတွေအနေနဲ့ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးရပါမယ်။

(၅) အမျိုးသား မျိုးပွားစနစ်ဆိုင်ရာ ရောဂါများ

အမျိုးသား မျိုးပွားစနစ်မှာ လိင်တံ၊ ဝှေးစေ့၊ ကပ္ပာယ်အိတ်၊ ဆီးကျိတ်နဲ့ တခြားအင်္ဂါတွေ ပါဝင်နေပါတယ်။ ဖြစ်တတ်တဲ့ ပြဿနာအနေနဲ့ ဝှေးစေ့ပိုးဝင် ကူးစက်မှု၊ ကပ္ပာယ်အိတ်သွေးကြော ဖောင်းတွန့်မှု၊ လိင်တံပြဿနာ၊ ဝှေးစေ့သွေးကြောထုံးတာ၊ ဆီးကျိတ်ရောင်ရမ်းမှု စတာတွေပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံမှုကနေ တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက လိင်အင်္ဂါမှာ ရေယုန်ပေါက်တာ၊ ကာလသားရောဂါ၊ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ၊ HIV ပိုးရှိတာ စတဲ့ အချက်တွေပဲ ဖြစ်ကြပါတယ်။ လိင်ကနေတစ်ဆင့် ကူးစက်ရရှိတဲ့ ရောဂါတွေရဲ့ လက္ခဏာတွေက လိင်တံကနေ အရည်ထွက်များတာ၊ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တာ၊ လိင်အင်္ဂါတစ်ဝိုက် အနာဖြစ်တာ၊ အဖုအပိမ့်ပေါက်တာ၊ ယားယံတာ၊ နီမြန်းတာနဲ့ ရောင်ရမ်းတာ စတာတွေ ဖြစ်ကြပါတယ်။

ဘယ်လို ကာကွယ်သင့်သလဲ

မျိုးဆက်ပွားစနစ်မှာ ရောဂါတွေ မရရှိအောင် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုဖြစ်အောင် သတိထားဆင်ခြင်ပါ။ တတ်နိုင်သမျှ အပျော်အပါး မလိုက်စားပါနဲ့။ တစ်လင်တစ်မယားစနစ် မဟုတ်ဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံမိခဲ့ရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင် ဆွေးနွေးပါ။ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံ့မနေဘဲ ဖြစ်နေတဲ့၊ ခံစားနေရတဲ့ ပြဿနာတွေကို ဆရာဝန်နဲ့တိုင်ပင် ပြသလိုက်ပါ။

ကေအမ်Ref: Good Health
Source: http://news.yatanarpon.com.mm/news/review-66869

1 comment:

  1. သုတ်ရည်ထဲကသွေးပါနေတာဘာလို့လဲခင်ဗျာပြောပြပါအုံးနော်

    ReplyDelete