Monday 19 November 2012

ကိုယ်အလေးချိန် လျှော့ချသူများ ရှောင်ရှားကြသော စားသင့်သည့် အစားအစာများ

by nang kha yea on 19.11.2012


၁။ ကြက်ဥ

လတ်တလော လေ့လာထားမှုအရ တစ်နေ့ကို ကြက်ဥတစ်လုံး စားပေးတာက ကျန်းမာစေပြီး  အာဟာရဓာတ် ညီညွတ် မျှတစေတယ်ဆိုတာ တွေ့ရပါတယ်။ သင့်မနက်စာမှာ ကြက်ဥတစ်လုံး စားတာက ကိုယ်အလေးချိန် လျှော့ချပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကြက်ဥမှာ ပရိုတင်းဓာတ်တွေ များစွာပါဝင်တာကြောင့် အစာချေဖျက်ဖို့အတွက် အချိန်ပေးရပါတယ်။ မနက်စာမှာ ကြက်ဥစားထားတဲ့အခါ အစာချေဖျက်မှု နှေးတာကြောင့် အစာအိမ်ထဲမှာ အချိန်ကြာကြာ ပြည့်နေစေပါတယ်။ ဒါဟာ နောက်ထပ်အစာ ထပ်စားဖို့ကို နည်းသွားစေပါတယ်။


၂။ အမဲသား

ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက အနီရောင်ရှိတဲ့ အသားတွေကို စားသုံးဖို့ အားမပေးခဲ့ပါဘူး။ အနီရောင်ရှိတဲ့ အသားတွေထဲမှာ အမဲသားလည်း အပါအဝင်ပါ။ ဒါပေမဲ့ အမဲသားက သင့်ခါးပတ်လည်က အဆီတွေကို လျှော့ချဖို့အတွက် စားလို့ရတယ်လို့ နောက်ဆုံးပေါ် လေ့လာမှုတွေက ဆိုပါတယ်။ တကယ်တော့ အဆီမပါတဲ့ အမဲသားက အရေခွံမပါတဲ့ ကြက်ရင်ပုံသားထက် ပြည့်ဝဆီတွေများတာ မှန်ပေမယ့် အမဲသားကနေ ပရိုတင်းဓာတ်တွေ ပိုမို ရရှိနိုင်ပါတယ်။ ကြက်ဥလိုပဲ အမဲသားမှာ ပရိုတင်းတွေများစွာ ပါရှိတာကြောင့် ဗိုက်ပြည့်တင်းနေစေပြီး ဆာလောင်မှုကို နည်းစေပါတယ်။ ဒါပေမဲ့ အမဲသားကို အလွန်အကျွံ မစားသုံးဘဲ ချင့်ချင့်ချိန်ချိန် စားသုံးဖို့တော့လိုပါတယ်။

၃။ ကွတ်ကီး

သင်ဟာ ကိုယ်အလေးချိန် လျှော့ချနေချိန်မှာ ကွတ်ကီးစားသုံးမှုကို ရှောင်ထားပါသလား။ ပညာရှင်တွေက ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ ကွတ်ကီးတွေ စားသုံးတာက ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်စေတယ်လို့ အကြံပြုထားပါတယ်။ လေ့လာမှုတစ်ခုက ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့ အစားအစာတွေ စားသုံးတာက ပြုပြင်ထားတဲ့ အစားအစာတွေ စားတာထက် ဝမ်းဗိုက်က အဆီတွေကို ပိုမို လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

၎။ အစေ့အဆန်များ

အစေ့အဆန်တွေမှာ အဆီပါဝင်မှု များပါတယ်။ ဒီအဆီတွေက ခန္ဓာကိုယ်အတွက် ကောင်းတဲ့အဆီတွေပါ။ အစေ့အဆန်တွေမှာ ပရိုတင်း၊ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ များစွာပါဝင်တာကြောင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိထားပေးပါတယ်။ လေ့လာမှုတွေက အစေ့အဆန်တွေဟာ ကိုယ်အလေးချိန် မတက်စေဘဲ ဆာလောင်မှုနည်းအောင် ထိန်းချုပ်ထားပေးနိုင်တယ် ဆိုတာ တွေ့ရပါတယ်။

၅။ ချိစ်

ကိုယ်အလေးချိန် လျှော့ချသူ အများစုက ကိုယ်အလေးချိန် လျှော့ချနေချိန်အတွင်းမှာ ချိစ်စားသုံးတာကို ရှောင်တတ်ကြပါတယ်။ ချိစ်က ကယ်လ်စီယမ်ကြွယ်ဝတဲ့ အစားအစာဖြစ်တာကြောင့် တချို့လေ့လာမှုတွေက ချိစ်စားသုံးမှုကို ရှောင်ရှားလိုက်တာဟာ မှားယွင်းတယ်လို့ ဆိုပါတယ်။ လေ့လာမှုတစ်ခုက ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းဖို့အတွက် ကယ်လ်စီယမ်ဓာတ် အလုံအလောက် ရှိဖို့ လိုတယ်လို့ ပြောပါတယ်။ ဒါကြောင့် အဆီနည်းတဲ့ ချိစ်၊ ဒိန်ချဉ်နဲ့ နို့သောက်ပေးတာက ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ကယ်လ်စီယမ် ဖြည့်စွက် သောက်သုံးတာက အစားအစာတွေက ရရှိတဲ့ ကယ်လ်စီယမ်လောက် ခန္ဓာကိုယ်အတွက် အကျိုးမရှိဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အတွက် ကယ်လ်စီယမ်ဓာတ်ကို အစားအစာကနေ ရရှိအောင် စားသုံးသင့်ပါတယ်။

၆။ ကော်ဖီ

ကော်ဖီ သောက်သုံးမှုနဲ့ ပတ်သက်ပြီး သုတေသနတွေကနေ တွေ့ရှိချက်တွေ အမျိုးမျိုး ပြောခဲ့ကြပါတယ်။ ကိုယ်အလေးချိန် လျှော့ချနေတာနဲ့ပဲ သင်ကြိုက်နှစ်သက်တဲ့ ကော်ဖီသောက်သုံးမှုကို ရှောင်ရှားနေဖို့ မလိုတော့ပါဘူး။ ကော်ဖီဖျော်ရာမှာ ထပ်ပေါင်းထည့်တာတွေက ကော်ဖီကို နာမည်ပျက်စေပါတယ်။ ခရင်မ်၊ သကြားနဲ့ တခြား အနံ့အရသာ အမျိုးမျိုးတွေ ထည့်သွင်းဖျော်ထားတဲ့ ကော်ဖီကတော့ သင့်အတွက် ကောင်းကျိုး မရှိနိုင်ပါဘူး။ သင်ဟာ ကိုယ်အလေးချိန် လျှော့ချနေသူ တစ်ယောက် ဖြစ်ပါက ကော်ဖီဖျော်ရာမှာ အဆီထုတ်ထားတဲ့ နွားနို့ထပ်ပေါင်း ထည့်ဖျော်ပေးပါ။ အချိုဓာတ် လိုအပ်တယ်ဆိုရင်တော့ သကြားအနည်းငယ် ထည့်ဖျော်နိုင်ပါတယ်။ နွားနို့က ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီကို ရရှိစေတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ဖြစ်စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)Ref: Good Health 
source>> http://www.yatanarpon.com.mm/news/news-47486

No comments:

Post a Comment