Tuesday 20 November 2012

ကျန်းမာရေးအတွက်ရှောင်ရှားသင့်သော အပြုအမူ အသေးအမွှားလေးများ

by nang kha yea on 21.11.2012



ကျန်းမာရေးအတွက် အသုံးဝင်မယ်ထင်တဲ့အတွက် နေ့စဉ်လုပ်ဆောင်နေတဲ့ အပြုအမူတွေဟာ ကျန်းမာရေးအတွက် အကျိုးရှိသလား၊ အကျိုးမရှိဘူးလားဆိုတာကို သိနားလည်ဖို့ အရေးကြီးပါတယ်။ တချို့သော အပြုအမူတွေကတော့ အသေးအမွှား ဆိုပေမယ့် အသုံးမဝင်တာနဲ့ အန္တရာယ်ရှိတာတွေ ဖြစ်စေနိုင်တာကြောင့် ရှောင်ရှားနိုင်ဖို့ရာ အတွက် ဖော်ပြပေးလိုက်ပါတယ်။



၁။ ရက်လွန်ဆေးဝါးများ အသုံးပြုခြင်း
လတ်တလော လေ့လာမှုတစ်ခုအရ ဆေးဝါးအများစုဟာ သတ်မှတ်ထားတဲ့ ကုန်ဆုံးရက် မတိုင်ခင် အနည်းငယ်အလိုမှာ မသုံးသင့်တော့ဘူးလို့ သိရပါတယ်။ ဆေးဝါးရဲ့ အာနိသင်နဲ့ ဘေးအန္တရာယ်ကင်း စိတ်ချရမှု လျော့နည်းသွားပြီဆိုရင် ဆေးဝါးတွေကို ဘာအတွက်နဲ့မှ မသုံးစွဲသင့်တော့ပါဘူး။
ဒါကြောင့် သင်သုံးစွဲနေတဲ့ ဆေးတွေရဲ့ သတ်မှတ်ထားတဲ့ကာလကို အမြဲစစ်ဆေးပါ။ ပြီးရင် ရက်လွန်သွားတဲ့ ဆေးဝါးတွေကို လွှင့်ပစ်လိုက်ပါတော့။

၂။ နားထဲသို့ နားကျပ်တံထည့်ပြီး လှည့်ခြင်း
နားကျပ်တံသုံးတာဟာ နားကိုသန့်စင်စေဖို့နဲ့ နားထဲက ရေတွေကို စုပ်ယူဖယ်ရှားဖို့သာ ဖြစ်ပါတယ်။ ဒါ့အပြင် နားကျပ်တံကို နားအဝ နားစည်နဲ့ ဝေးရာမှာ သုံးဖို့ ညွှန်ကြား ထားတာပါ။ နားထဲအထိ နားကျပ်တံကိုထည့်ပြီး လှည့်တာဟာ နားစည်ထိခိုက်စေခြင်း ဒါမှမဟုတ် နားစည်အတွင်းထဲ နားဖာချေးဝင်သွားခြင်းတွေဖြစ်ကာ အကြားအာရုံ အားနည်းစေနိုင်ပါတယ်။

၃။ အမြင်အားကောင်းအောင် မုန်လာဥနီ အများအပြားစားခြင်း
မုန်လာဥနီတွေမှာ ဗီတာမင်အေ များစွာပါဝင်ပါတယ်။ ဗီတာမင်အေဟာ မျက်စိ ကျန်းမာရေးအတွက် အရေးပါ ပါတယ်။ ဒါပေမယ့် ဗီတာမင်အေ ချို့တဲ့ခြင်းမရှိဘဲနဲ့ မုန်လာဥနီကို အများအပြားစားတာဟာ အမြင်အာရုံအတွက် ဘာအာနိသင်မှ မရစေပါဘူး။ အသားအရေ အဝါရောင်သန်းလာတာတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအာနိသင်ကလည်း ယာယီဖြစ်ပါတယ်။

၎။ စိတ်အားထက်သန်စွာ သွားတိုက်ခြင်း
အလျင်လိုနေတာကြောင့် ဒါမှမဟုတ် ပိုပြီးတက်တက်ကြွကြွနဲ့ သွားတိုက်လိုတာကြောင့် သွားကိုအားစိုက်ပြီး အမြန်တိုက်ပေးရင် သွားဟာ ပိုဖြူပြီး ပိုမသန့်စင်သွားပါဘူး။ သွားနဲ့ သွားဖုံးတွေကို ထိခိုက်နိုင်တာမျိုးပဲ ဖြစ်နိုင်ပါတယ်။ အကောင်းဆုံး သွားတိုက်နည်းက နူးညံ့တဲ့ သွားတိုက်တံနဲ့ ညင်ညင်သာသာ ဖိအားသုံးပြီး တိုက်ပေးဖို့ပဲဖြစ်ပါတယ်။ သွားကြားထိုးကြိုး (Dental Floss) သုံးဖို့ မမေ့ပါနဲ့။

၅။ အချိန်ခဏတာအတွင်း အားကစား ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်း
အားကစားပြုလုပ်တဲ့ ရည်ရွယ်ချက်ကတော့ ကောင်းပါတယ်။ ဒါပေမယ့် အချိန် ခဏတာအတွင်း အားကစားကို ပြင်းပြင်းထန်ထန် လုပ်တာဟာ အကောင်းထက် အဆိုးဖြစ်ဖို့ ပိုများပါတယ်။ အချိန်မယူဘဲ အပြင်းအထန် အားကစားလုပ်တာဟာ ကြွက်သားစုတ်ပြဲခြင်း၊ အရွတ်ရောင်ရမ်းခြင်းစတဲ့ ထိခိုက်ဒဏ်ရာတွေကို ဖြစ်လွယ် စေပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီး အချိန်ပေးကာ အားကစားလုပ်မှသာ လပိုင်းကြာမှ သင့်ခန္ဓာကိုယ် အချိုးအဆစ် ပြောင်းလဲလာမှာပါ။

၆။ ဖျားနေချိန် အစာအငတ်ခံခြင်း
ဖျားနေရင် အစာကိုမစားဘဲနေတဲ့ အလေ့အထဟာ ရှောင်ရှားသင့်တဲ့ အလေ့အထပါ။ အအေးမိခြင်း၊ တုပ်ကွေးဖျားခြင်းတွေ ခံစားရချိန်မှာ ကောင်းမွန်တဲ့ အာဟာရရှိမှသာ မြန်မြန်ပြန်ကောင်းနိုင်မှာ ဖြစ်ပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲနဲ့ ဖျားနေချိန်မှာ အစာမစားဘဲ မနေပါနဲ့။

၇။ ရေအများကြီးသောက်ခြင်း
တစ်နေ့ကို ရေအများကြီးသောက်ရမှာဆိုပြီး ရေမဆာဘဲနဲ့ မသောက်သင့်ပါဘူး။ ရာသီဥတုပူနေရင်၊ အိမ်အပြင်ထွက်ပြီး ကိုယ်လက်လှုပ်ရှားလုပ်ခဲ့ရင်နဲ့ ရေဆာနေရင်တော့ ရေသောက်ဖို့ လိုပါတယ်။ ငြိမ်ငြိမ်ထိုင်နေရပြီး ရာသီဥတုက အေးနေရင်တော့ ရေအများကြီးသောက်ဖို့ မလိုအပ်ပါဘူး။
Ref: Good Health

No comments:

Post a Comment