Sunday 18 November 2012

ကိုယ်အလေးချိန် လျော့ကျလိုသူတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးသင့်သည့် မေးခွန်းများ

by nang kha yea on 18.11.2012


ရေကို အလုံအလောက် သောက်ရဲ့လား
အာဟာရဂျာနယ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ အနည်းငယ် ရေဓာတ်ခန်းခြောက် နေရင်တောင် အမျိုးသမီးငယ်တွေဟာ နုံးတာ၊ ခေါင်းကိုက်တာနဲ့ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာတွေ ဖြစ်တတ်တယ်လို့ သိရပါတယ်။ ရေဓာတ်ခန်းခြောက်တာကြောင့် ဗိုက်ဆာတာ၊ ပင်ပန်းတာနဲ့ စိတ်တိုတာတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် အစာစားချင်စိတ် လျော့ကျစေဖို့ အစာမစားခင် ရေတစ်ဖန်ခွက် သောက်သင့်ပါတယ်။  အစာစားချင်စိတ် ဖြစ်ပေါ်တဲ့အခါမှာလည်း ရေတစ်ဖန်ခွက် သောက်ပေးသင့်ပါတယ်။

အိပ်ရေးဝဝ အိပ်ရဲ့လား
အိပ်ရေးပျက်တာက စိတ်ခံစားမှုအပေါ် သက်ရောက်မှုရှိပြီး အစာစားချင်တဲ့ ဆန္ဒကို တိုးစေကာ အစာကို ပိုစားဖြစ်စေပါတယ်။ ပုံမှန်ထက် အိပ်ချိန်နည်းတဲ့ သူတွေဟာ တစ်နေ့မှာ ကယ်လိုရီ ၃၀၀ ခန့် ပိုစားဖြစ်တယ်လို့  ကိုလံဘီယာ တက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါတယ်။ အိပ်ချိန် အလုံအလောက် မရှိတာက စိတ်ဖိစီးမှု ပိုခံရတတ်ပြီး ဗိုက်ပိုဆာတတ်ကြပါတယ်။  အထူးသဖြင့် အိပ်ရေးပျက်တဲ့ သူတွေက သကြားပါတဲ့ ကာဗိုဟိုက်ဒရိတ်အစာတွေကို စားချင်စိတ် များတတ်ကြပါတယ်။ ဒီအစာတွေကို အလွန်အမင်းစားမိရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ပါတယ်။

ကောင်းတဲ့အဆီကို များများစားရဲ့လား
အိုမီဂါ ၃ ဖက်တီးအက်စစ်လို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားပေးရင် စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးကို ရရှိစေပါတယ်။ ကော်နက်တီးကပ် တက္ကသိုလ်ရဲ့ လတ်တလော လေ့လာမှုတစ်ရပ်အရ ကိုယ်ဝန်ဆောင်ချိန်မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို မှီဝဲတဲ့ အမျိုးသမီးတွေဟာ ကလေးမွေးပြီးချိန်မှာ စိတ်ဓာတ်ကျနိုင်ခြေ လျော့ကျမှု ရှိကြောင်း သိရပါတယ်။ ဒါကြောင့် အိုမီဂါ ၃ ဖက်တီးအက်စစ်ပါတဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတို့ကို တစ်ပတ် နှစ်ကြိမ်စားပါ။ ဒါမှမဟုတ် သစ်ကြားသီးကို လက်တစ်ဆုပ်စာ စားပေးပါ။ ဒီလိုမစားဖြစ်ရင် ဖြည့်စွက်ဆေးမှီဝဲပါ။

ဟက်ဟက်ပက်ပက် ရယ်မောရဲ့လား
ဒီနေ့ခေတ်မှာ အလုပ်တာဝန် အများအပြား ထမ်းဆောင်ရင်း ဟက်ဟက်ပက်ပက် ရယ်မောနိုင်တဲ့ အချိန်ရှိသင့်ပါတယ်။ ရယ်မောတာက စိတ်ဖိစီးမှုကို လျော့ကျစေပြီး သွေးစီးဆင်းမှု ကောင်းမွန်စေတယ်လို့ လေ့လာမှုတွေက သက်သေပြထားပြီးသားပါ။ တကယ်တော့ ရယ်မောတာက ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေနိုင်ပါတယ်။ တစ်နေ့မှာ တစ်နာရီလောက် ဟက်ဟက်ပက်ပက် ရယ်မောတာဟာ အားကစားခန်းမမှာ နာရီဝက်လောက် လေ့ကျင့်ခန်း လုပ်သလို ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

ဇွန် 
Ref:  Good Health 
source >>> http://www.yatanarpon.com.mm/sb/goodhealth/news-58098

No comments:

Post a Comment