Sunday 28 October 2012

နုပျိုကာ အရွယ်တင်မဲ့ သဘာဝရဲ့ အာဟာရများ

နုပျိုကာ အရွယ်တင်မဲ့ သဘာဝရဲ့ အာဟာရများ

by Nang Kha Yea on 28.10.2012

  နုပျိုကာ လှပစေဖို့အတွက် အစားအသောက်တွေကလည်း အရေးပါနေပါတယ်။
သုတေသနတွေအရ လေ့လာထားတဲ့ အောက်ပါ သဘာဝ အစားအစာတွေဟာ အနာကျက်စေတဲ့ အာနိသင်ကို ပေးစွမ်းနိုင်ပြီး မျက်နှာ အသားအရေကို နုပျိုကာ အရွယ်တင် လှပစေပါတယ်။


(၁) ဖရဲသီး
ခရမ်းချဉ်သီး၊ ဖရဲသီး စတဲ့ နီဝါရောင် သစ်သီးတွေဟာ ဘီတာ ကယ်ရိုတင်းနဲ့ လိုင်ကိုပင်းဓာတ် ပေါကြွယ်ဝပြီး အန္တရာယ်ရှိတဲ့ ခရမ်းလွန် ရောင်ခြည်ဒဏ် မခံရအောင် ကာကွယ် ပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ် နှစ်မျိုးစလုံးဟာ အရေပြားရဲ့ အပြင်လွှာမှာ ရှိနေကြတာကြောင့် သူတို့ထဲမှာ ပါဝင်နေတဲ့ အင်တီ အောက်ဆီးဒင့်ဓာတ်ဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားဆဲလ်တွေရဲ့ ထိခိုက် ပျက်စီးမှုကိုလည်း ပြန်လည် ပြုပြင် ပေးပါတယ်။ ပြင်သစ် လေ့လာမှု တစ်ရပ်အရ ဖရဲသီးစားပေးတာဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြား ထိခိုက်မှုကို ၂ဝရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။

(၂) ဖရုံစေ
အစွမ်းထက်တဲ့ အရေပြား ကာကွယ် ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင်အီးဟာ ရွှေဖရုံစေ့၊ နေကြာစေ့နဲ့ သီဟိုဠ်စေ့တွေမှာ အများအပြား ပါဝင်နေပါတယ်။ ဗီတာမင်အီးဓာတ် ဆုံးရှုံးရင် အရေပြားရဲ့အရည်အသွေးနဲ့ တင်းရင်းလှပမှုတို့ကို လျော့ပါးစေပါတယ်။ အကြောင်းကတော့ ဗီတာမင်အီးဟာ အရေပြားဆဲလ် အမြှေးပါးတွေပေါ်မှာ အများအပြား ရှိနေရင် ဆဲလ်ထဲကို ဝင်ရောက်လာမယ့် ဖရီးရယ်ဒီကယ်လ်တွေကို တိုက်ခိုက်မှု ပေးနေတာကြောင့်ပါ။

(၃) သခွားသီး
ကယ်လိုရီ ပါဝင်မှု နည်းပါးလှတဲ့ သခွားသီးမှာ အရေပြား တင်းရင်းစေကာ အရေးကြောင်း ထင်ခြင်း ကင်းစေတဲ့ ဆီလီကာတွေ ပါဝင်နေပါတယ်။ သခွားသီးကို အစိမ်းလိုက် စားတဲ့အခါ ရေနဲ့စင်အောင် ဆေးကြောပြီး အစိမ်းရောင် အခွံကိုပါ စားပေးပါ။

(၄) ချဉ်သော သစ်သီးများ
သံပရာသီး၊ လီမွန်သီး၊ လိမ္မော်သီးနဲ့ စပျစ်သီးတို့လို အချဉ် အရသာရှိတဲ့ သစ်သီးတွေမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် တစ်မျိုးဖြစ်တဲ့  d-limonene ပါဝင်နေတာကြောင့် အရေပြား ကင်ဆာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ ချဉ်တဲ့ သစ်သီးတွေကို အစာစားပြီးမှ စားပါ။

(၅)ပန်းဂေါ်ဖီစိမ်း

ဂျွန်ဟော့ကင်း တက္ကသိုလ်ရဲ့ လေ့လာသူတွေက ပန်းဂေါ်ဖီစိမ်း စားထားတဲ့အခါ အရေပြားဟာ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှု ရှိနေရင်တောင် အရေပြား နီမြန်းခြင်း၊ ရောင်ရမ်းခြင်းနဲ့ ဖောရောင်ခြင်းတို့ ဖြစ်နှုန်းကို ပန်းဂေါ်ဖီစိမ်း မစားထားသူနဲ့ ယှဉ်ပါက ၃၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း သိရပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ပါဝင်တဲ့
 Sulforaphane ဒြပ်ပေါင်းဟာ ဆဲလ်တွေထဲက အကာအကွယ် အင်ဇိုင်းတွေရဲ့ လုပ်ဆောင်မှုကို အားပေးတာကြောင့် ဖြစ်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Ref: Good Health on Yatanarpon news-621

No comments:

Post a Comment