Thursday 1 November 2012

အသက် ၄၀- ၅၀ အမျိုးသမီးများအတွက် ကျန်းမာရေးလမ်းညွှန်

အသက် ၄၀- ၅၀ အမျိုးသမီးများအတွက် ကျန်းမာရေးလမ်းညွှန်

by NANG KHA YEA on 01/11.2012

အသက် ၄၀ နဲ့ ၅၀ ကြားမှာ ကျန်းမာရေးအတွက် ပူပင်စရာလေးတွေက အစပျိုးလာတတ်ပါတယ်။ ဒါပေမဲ့ ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့အညီ နေခဲ့သူတွေကတော့ ဆက်လက်ကျန်းမာ သန်စွမ်းနေတတ်ပါတယ်။ အသက် ၄၀ နဲ့ ၅၀ ကြား အရွယ်ရောက်လာရင် ခန္ဓာကိုယ် အပြောင်းအလဲတွေက စတင်သတိပြုမိစ ပြုလာတတ်ပါတယ်။ သင်ရဲ့ မျိုးအောင်နိုင်စွမ်းက ကျဆင်းလာပြီး သွေးဆုံးအကြိုဝေဒနာတွေဖြစ်တဲ့ ညောင်းညာတာ၊ ကိုက်ခဲတာ စတဲ့ ဝေဒနာတွေ စတင်ဖြစ်ပေါ်တတ်ပါတယ်။

 ပုံမှန် ကျန်းမာရေး အခြေအနေများ

ဒီအသက်အရွယ်ဟာ သွေးဆုံးခါနီးဖြစ်ကာ အီစထရိုဂျင် ဟော်မုန်း အတက်အကျ ရှိလာတာကြောင့် ရာသီလာရက်ရှည်တာ၊ တိုတာ၊ ရာသီသွေးဆင်းများတာနဲ့ နည်းတာတို့ ဖြစ်လာတတ်ပါတယ်။အမျိုးသမီး လေးပုံသုံးပုံလောက်ဟာ ညဘက် ချွေးထွက်များတာ၊ စိတ်ပူပင်သောကများတာနဲ့ ပူနွေးတာ စတဲ့ သွေးဆုံးအကြိုလက္ခဏာတွေ ဖြစ်တတ်ပါတယ်။

- အသက် ၄၀ အရွယ်ထဲ ရောက်လာချိန်မှာ တချို့ အမျိုးသမီးတွေက စာလုံးသေးတွေကို အနီးကပ်မြင်နိုင်ဖို့ ခက်လာတဲ့အတွက် စာကြည့်မျက်မှန် လိုအပ်လာတတ်ပါတယ်။

- ဒီအသက်အရွယ်မှာ အရေပြားက ပိုခြောက်သွေ့လာ၊ ပိုကြမ်းတမ်းလာပြီး ဆွဲဆန့်နိုင်အား ပိုလျော့နည်းလာပါတယ်။ ဒါကြောင့် အသားအရေ ထိန်းသိမ်းမှုကို ကောင်းကောင်း မလုပ်ရင် အရေးကြောင်းပါးပါးတွေ ထင်လာသလို ပါးရေလည်း တွန့်လာတတ်ပါတယ်။

- ဒီအချိန်မှာ ရင်သားကို တစ်လတစ်ကြိမ် စမ်းသပ်စစ်ဆေးကြည့်ပါ။ ရင်သားမှာ အလုံးအဖုတွေ့ရင်၊ ရင်သားနာကျင်နေရင်၊ ပုံမမှန်ပြောင်းလဲမှုတွေ့ရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ပုံမှန်မဟုတ်သော ကျန်းမာရေး အခြေအနေများ

- အားအင်မရှိ ထိုင်းမှိုင်းတာ၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ အကြောင်းရင်း မရှိဘဲ ကိုယ်အလေးချိန်က တက်လာတာ၊ အအေးဒဏ်ကို ခံနိုင်ရည်နည်းတာ၊ အရေပြား ကြမ်းတမ်းခြောက်သွေ့တာနဲ့ ဝမ်းချုပ်တာ စတဲ့ လက္ခဏာတွေဟာ သိုင်းရွိုက် အလုပ်လုပ်နိုင်စွမ်း လျော့နည်းမှုကို ဖော်ပြနေပါတယ်။

- ရှိပြီးသား မှဲ့တွေ ပြောင်းလဲတာနဲ့ မှဲ့အသစ်တွေ ပေါ်လာတာတွေ ဖြစ်တတ်ပါတယ်။ မှဲ့အသစ်တွေ ပေါ်တာက ဖြစ်တတ်ပေမယ့် မှဲ့အသစ်ရော မှဲ့အဟောင်းပါ ပုံသဏ္ဌာန် ပြောင်းလဲလာရင်၊ ကြီးထွားလာရင်၊ အနားတွေ မသေမသပ်ဖြစ်နေရင်၊ အရောင်ပြောင်းနေရင် အရေပြားအထူးကု ဆရာဝန်နဲ့ ပြသင့်ပါတယ်။

- ရာသီလာစဉ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာ ဖြစ်ပေါ်တာ၊ ရာသီသွေး အလွန်အမင်းဆင်းတာ၊ ရာသီသွေးထိမ်တာ စတဲ့ အပြောင်းအလဲတွေ ဖြစ်ရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

- မောပန်းတာ၊ ရေငတ်တာနဲ့ အိမ်သာကို မကြာခဏ သွားချင်တာ စတဲ့ လက္ခဏာတွေကလည်း အမျိုးအစား (၂) ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်များနေရင် ဒါမှမဟုတ် ဆီးချိုရောဂါ မျိုးရိုးရှိနေရင် အသက် ၄၀ ကျော်လာချိန်မှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ ဒါကြောင့် ဆီးချိုရောဂါ ဖြစ်နိုင်ခြေရှိရင် သွေးတွင်း သကြားဓာတ် စစ်ဆေးမှု ခံယူကြည့်သင့်ပါတယ်။ ဆီးချိုရောဂါရှိမှန်း မသိလို့ ဆေးကုသမှု မခံယူဖြစ်ရင် ကြာလာတဲ့အခါ နှလုံးနဲ့ သွေးလှည့်ပတ်မှုစနစ် ထိခိုက်နိုင်ခြေ ရှိပါတယ်။

အသက် ၄၀- ၅၀ ကြား အရွယ်တွင် လိုက်နာသင့်သည့် အချက်များ

(၁) ကိုယ်အလေးချိန်၊ သွေးဖိအားနဲ့ သွေးတွင်း ကိုလက်စထရော အဆင့်တို့ကို တိုင်းတာပါ။ ဆရာဝန်နဲ့ ဆွေးနွေးတဲ့အခါ နှလုံးရောဂါမျိုးရိုးရှိရင် ပြောပြပါ။ ပြီးရင် ဆေးလိပ်၊ အရက် စတာတွေ သောက်သုံးမှု ရှိ၊ မရှိဆိုတဲ့ သင့်ဘဝ နေထိုင်စားသောက်မှုပုံစံကိုပါ ပြောပြရပါမယ်။ ဒါမှသာ သင်ရဲ့ ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်အောင် ဆရာဝန်က ကူညီကုသမှု ပေးနိုင်မှာ ဖြစ်ပါတယ်။

- အနည်းဆုံး နှစ်နှစ်တစ်ကြိမ် မျက်စိစမ်းသပ်စစ်ဆေးဖို့ လိုအပ်နေပါပြီ။ အမြင်အာရုံအတွက် စမ်းသပ်မှုအပြင် ရေတိမ်နဲ့ အတွင်းတိမ်ရောဂါရဲ့ အစောပိုင်း လက္ခဏာတွေကိုပါ စမ်းသပ်စစ်ဆေးရပါမယ်။
- ဒီအသက်အရွယ်မှာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် ဖြစ်ပျက်နှုန်းက နှေးလာပြီ ဖြစ်တဲ့အတွက် ကယ်လိုရီကို လျှော့ချပြီး စားသောက်ပါ။ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြောင်းလဲစားပေးဖို့ လိုအပ်နေပါပြီ။

- တင်ပဆုံ ကြွက်သားတွေ သန်စွမ်းစေမယ့် လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ သွေးဆုံးခါနီး အရွယ်မှာ တင်ပဆုံ ကြွက်သားတွေက အားနည်းလာတဲ့အတွက် ဆီးမထိန်းနိုင်တဲ့ ပြဿနာ ဖြစ်နိုင်ခြေ ရှိလာပါတယ်။

- တိုဟူး၊ ပဲနို့၊ ဒိန်ချဉ်၊ နှမ်းစေ့နဲ့ ရွှေဖရုံစေ့တွေကို ထည့်စားပေးပါ။ ဒီအစာတွေထဲမှာ ဖိုင်တိုအီစထရိုဂျင်များများ ပါဝင်တာကြောင့် သွေးဆုံးခါနီး လက္ခဏာတွေကို လျော့ကျစေနိုင်ပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Ref: Good Health posted on Yatanarpon.com.mm - news - review-70620
http://www.facebook.com/notes/ရွှေမြန်မာများအတွက်-shwebeauty

No comments:

Post a Comment