Saturday 10 November 2012

လူတိုင်းထက်ပေါ်လွင်အောင်ဒီလိုမျိုးလေးနေရအောင်

by nang kha yea on 11.11.2012


ဒီကနေ့မှာ မိန်းကလေး အများစုက ယောက်ျားလေးတွေနဲ့ ရင်ပေါင်တန်းပြီး အလုပ်တွေကို တန်းတူ ညီတူ လုပ်ကိုင်နေကြပါတယ်။ တစ်နေ့တာ  အချိန်အများစုကို အလုပ်ထဲမှာပဲ စိတ်ရောကိုယ်ပါ နှစ်မြှုပ် လုပ်ကိုင်နေကြရတာကြောင့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ မေ့လျော့ နေတတ်ကြပါတယ်။ သင်ဟာ လုပ်ငန်းခွင်မှာ သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရုံ သာမကဘဲ ယုံကြည်မှု ရှိရှိနဲ့ လူအများကြားမှာ ထင်ထင်ပေါ်ပေါ် ရှိနေအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်း စောင့်ရှောက်မှုတွေ ရှိနေဖို့လည်း လိုအပ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ သင့်ကိုယ်သင် ဂရုပြု ထိန်းသိမ်းနိုင်တဲ့ အချက်တွေ ရှိနေပါတယ်။


(၁) သင့်အသားအရေအတွက်

ရုံးသွားချိန်မှာ အသားအရေနဲ့ ထိတွေ့ရတဲ့ နေခြည်နုနုက သင့်ကို လုပ်ငန်းခွင်ရောက်တဲ့အခါ အားအင်အပြည့်နဲ့ အလုပ်တွေ လုပ်ကိုင်နိုင်စေပါတယ်။ ဒါပေမဲ့ အများစုက ရုံးထဲမှာပဲ ထိုင်ပြီး ရုံးအလုပ်တွေ လုပ်နေရတာထက် အပြင်ထွက်ပြီး သွားလာ လုပ်ကိုင်ကြရတာ များပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့၊ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့အတွက် ရုံးမသွားခင်မှာ SPF 15 ပါဝင်တဲ့ နေရောင်ကာ လိမ်းဆေး လိမ်းပေးပါ။ ရုံးက ပြန်ရောက်တဲ့အခါမှာလည်း မျက်နှာသန့်စင်၊ ရေချိုးပြီးတာနဲ့ အစိုဓာတ်ထိန်း လိမ်းဆေး (Moisturizer) လိမ်းပေးပါ။

(၂) သင့်ဆံပင်အတွက်

အလုပ်လုပ်နေရတာ၊ သွားလာနေရတာတွေကြောင့် သင့်ဆံပင်မှာ ဖုန်မှုန့်တွေ၊ အမှုန်အမွှားတွေနဲ့ အညစ်အကြေးတွေ ကပ်ညှိနိုင်ပါတယ်။ တစ်ရက်ခြားလောက် ခေါင်းလျှော်ပေးပါ။ ရှမ်ပူအပျော့စား သုံးပြီး ခေါင်းလျှော်ပြီးပါက ကွန်ဒီရှင်နာ သုံးပေးပါ။ တစ်လ တစ်ကြိမ်လောက် နှစ်ခွဖြစ်နေတဲ့ ဆံပင်အဖျားတွေကို တိပေးပြီး ပေါင်းတင်ပေးပါ။

(၃) သင့်ခန္ဓာကိုယ်အတွက်

သင်ဟာ အလုပ်မှာ အထိုင်များတဲ့ အလုပ်လုပ်နေရသူ တစ်ယောက် ဖြစ်မယ်ဆိုရင် တစ်နေကုန် မလှုပ်မရှားဘဲ ထိုင်နေတာမျိုးတော့ မလုပ်သင့်ပါ။ နှစ်နာရီကြာ အလုပ်ထိုင်လုပ်ပြီးတိုင်း ခဏနားပေးပါ။ ရေသောက်တာ၊ အိမ်သာသွားတာ လုပ်ပေးပါ အချိန်ရပါက ခပ်သွက်သွက် လမ်းထလျှောက်ပေးပါ။ လက်နဲ့ ခြေထောက်တွေကို ဆန့်ပေးပါ။ ဖုန်းလာတဲ့အခါ မတ်တတ်ရပ်ပြောရင်း သင်ရဲ့ ခြေ၊ လက်တွေကို လှုပ်ရှားပေးပါ။

(၄) သင့်လက်ချောင်းလေးများအတွက်

အိုင်တီခေတ်မှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်နေရတာကြောင့် သင့်လက်ချောင်းလေးတွေကို ဂရုစိုက်ဖို့လည်း လိုပါတယ်။ ကွန်ပျူတာကို အသုံးပြု အလုပ်လုပ်တာ တစ်နာရီကြာအောင် ဆက်တိုက် အလုပ်လုပ်ပြီးတိုင်း လက်ချောင်းလေးတွေကို ခဏမျှ အနားပေးပြီး ကလေးငယ်လေးတွေကို သင်ပေးဖူးတဲ့ ချိုမိုင်မိုင် လုပ်သလိုမျိုး လက်ချောင်းလေးတွေကို လေ့ကျင့်ပေးပါ။ လက်ချိုးတာမျိုးတော့ မလုပ်သင့်ပါဘူး။ သင့်မှာ လက်ချိုးတဲ့အကျင့် ရှိခဲ့ရင်လည်း ဖျောက်သင့်ပါတယ်။

(၅) သင့်ခြေထောက်အတွက်

လှုပ်ရှားလုပ်ကိုင်နေရတဲ့ အလုပ်ချိန်မှာ သင့်ခြေထောက်တွေကိုလည်း ဂရုစိုက် ထိန်းသိမ်းပေးဖို့ လိုပါတယ်။ အလုပ်မသွားခင် ခြေထောက်ကို အစိုဓာတ်ထိန်းလိမ်းဆေး လိမ်းပေးပါ။ သက်သောင့်သက်သာ ဖြစ်စေမယ့် ဖိနပ်စီးပါ။ ရုံးက ပြန်လာချိန်မှာလည်း ခြေထောက်ကို သေချာဆေးကြော သန့်စင်ပေးပြီး အစိုဓာတ်ထိန်း လိမ်းဆေး လိမ်းပေးပါ။

(၅) သင့်စိတ်စွမ်းအားအတွက်

မနက်မိုးလင်း အိပ်ရာထပြီး မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင် ပြီးတာနဲ့ သင်ရဲ့ စိတ်စွမ်းအားကို မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှ အလုပ်လုပ်ကိုင်ရာမှာ ယုံကြည်မှုရှိရှိနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဘာသာတရားကို အလေးထားပြီး အိပ်ရာထချိန်မှာ ဘုရားရှိခိုးတာ၊ တရားထိုင်တာတွေကို သင်အချိန်ရသလို စီမံပြုလုပ်ပေးပါ။ ဒါမှမဟုတ် ယောဂ လေ့ကျင့်ပေးပါ။ အသက်ကို ဖြည်းဖြည်းမှန်မှန် ရှူသွင်းတာက ခန္ဓာကိုယ်တွင်းကို အောက်ဆီဂျင် ထောက်ပံ့မှု ကောင်းမွန်စေတာကြောင့် သင့်ကို စိတ်စွမ်းအား တိုးစေပါတယ်။

(၆)သင့်အတွက် အာဟာရ

လူတိုင်းအတွက် အာဟာရဓာတ် အရေးကြီးသလို လှုပ်ရှား လုပ်ကိုင်နေရတဲ့ သင့်အတွက် အာဟာရ ပြည့်ဝနေစေဖို့က အလွန် အရေးကြီးပါတယ်။ အာဟာရဓာတ် ပြည့်ဝနေမှသာ အလုပ်လုပ်ကိုင်ရာမှာ အားအင်ကို ပြည့်ပြည့်ဝဝ အသုံးပြုပြီး လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ အနည်းငယ် စိတ်ဖိစီးမှုက သင့်ကို သက်ရောက်မှု ဘာမှမဖြစ်နိုင်ပေမယ့် စိတ်ဖိစီးမှု များလွန်းတဲ့ အလုပ်ကို လုပ်ကိုင်နေရသူ တစ်ဦးဖြစ်ပါက ကာဗိုဟိုက်ဒရိတ်နဲ့ ပရိုတင်းပါဝင်တဲ့ အစားအစာတွေကို များများစားပေးဖို့ လိုပါတယ်။ အရက်နဲ့ အသင့် သောက်သုံးနိုင်အောင် လုပ်ထားတဲ့ အချိုရည်တွေကို မသောက်ပါနဲ့။ တစ်နေ့ကို ကော်ဖီသုံးခွက်ထက် ပိုမသောက်မိပါစေနဲ့။ ရေ တစ်နေ့ ရှစ်ဖန်ခွက် သောက်ပေးပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Ref: Good Health posted on Yatanarpon/news/news-33696

No comments:

Post a Comment