Tuesday 6 November 2012

ခန္ဓာကိုယ်တွင်းက နာကျင်မှု ဝေဒနာများ ပျောက်ကင်းရလေအောင်

by Nang Kha Yea  on 06,11, 2012

ကျွန်မတို့ရဲ့ ၈၉ ရာခိုင်နှုန်းခန့်ဟာ တစ်လမှာ အနည်းဆုံး တစ်ကြိမ်လောက် ခေါင်းကိုက်တာ၊ အဆစ်ကိုက်တာ၊ ခါးနာတာတွေ ဒါမှမဟုတ် ဓမ္မတာလာစဉ် ကိုက်ခဲတာလိုမျိုး နာကျင်မှုဝေဒနာတွေကို ခံစားနေကြရပြီး ၄၆ ရာခိုင်နှုန်းကတော့ ခန္ဓာကိုယ်မှ နာကျင်တဲ့ ဝေဒနာတွေကို နေ့စဉ် ခံစားနေရတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ နာကျင်မှုဝေဒနာ ပျောက်ကင်းအောင် အောက်ပါတို့ကို ပြုလုပ်ပါလို့ ကျွမ်းကျင်သူတွေက အကြံပေးထားကြပါတယ်။

 ၁။ ဇက်ကြောတက်တာ သက်သာအောင် ခေါင်းငုံ့မထားပါနဲ့

သင်ရဲ့လက်ကိုင်ဖုန်း ဒါမှမဟုတ် ipad, e-reader ကို အသုံးပြုဖို့ ခေါင်းကို အောက်ငုံ့ပြီး ကြည့်ရှုရတာကြောင့် ဇက်ကြောတက် ဝေဒနာနဲ့ ပခုံးနာကျင်မှု ဝေဒနာ ဖြစ်နိုင်ခြေ နှစ်ဆ မြင့်တက်သွားတယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိရပါတယ်။ မိနစ်အနည်းငယ်ထက်ပိုပြီး အောက်ငုံ့ကြည့်နေတာဟာ လည်ပင်းကြွက်သားနဲ့ ခန္ဓာကိုယ် နောက်ပိုင်း အပေါ်ဘက် ကြွက်သားတွေကို ဒဏ်ပိစေနိုင်ပါတယ်လို့ သုတေသနကို ဦးဆောင်သူက ပြောပါတယ်။ အဲဒီလို အီလက်ထရွန်နစ် ပစ္စည်းတွေကို စားပွဲအမြင့်နေရာမှာထားပြီး ကွန်ပျူတာစခရင်မ်ကို ကြည့်သလို ကြည့်ပါမှ ဇက်ကြောတက်တာနဲ့ ပခုံးနာကျင်ကိုက်ခဲတာတွေ သက်သာနိုင်မယ်လို့ ဟားဗတ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

၂။ အဆစ်ကိုက် ဝေဒနာ သက်သာအောင် ကြက်ဆူဆီလိမ်းပါ

ကြက်ဆူဆီမှာ ပါဝင်တဲ့ Ricinoleic အက်စစ်တွေဟာ အရေပြားမှ အလွယ်တကူ စုပ်ယူနိုင်ပြီး နာကျင်မှုဝေဒနာကို လှုံ့ဆော်တဲ့ ဟော်မုန်း Prostaglandins ထုတ်လုပ်မှုကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် အဆစ်ကိုက် ဝေဒနာဟာ နှစ်ပတ်အတွင်းမှာ သက်သာသွားနိုင်ပါတယ်။ နာကျင်တဲ့ အဆစ်ပေါ်ကို ကြက်ဆူဆီလိမ်းပြီး မိနစ် ၃၀ ခန့် ရေနွေးအိတ်ကပ်ထားပါ။ တစ်ပတ်ကို သုံးကြိမ်ခန့် ပြုလုပ်ပေးပါ။

၃။ ဝမ်းဗိုက်နာကျင်တာ သက်သာအောင် သံလွင်ဆီနဲ့ ငါး စားပေးပါ

နေ့စဉ် ငါးအနည်းငယ်နဲ့ သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်းစာ စားပေးတာကြောင့် အစာမကြေဖြစ်တာနဲ့ အူမကြီး ရောင်ရမ်းတာကြောင့်ဖြစ်တဲ့ ဗိုက်နာကျင်မှု ဝေဒနာတွေ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အီတလီမှာ မကြာခင် ပြုလုပ်တဲ့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ ငါးမှာ ပါဝင်တဲ့ အိုမီဂါ- ၃ အဆီတွေဟာ အူအတွင်း အမြှေးပါးတွေ ပျက်စီးမှုကို ပျောက်ကင်းစေနိုင်ပြီး သံလွင်ဆီမှာ ရောင်ရမ်းမှုပျောက်ပြီး နာကျင်မှုဝေဒနာ သက်သာစေတဲ့ ဒြပပေါင်းတွေ ပါဝင်လို့ပါ။

၎။ ဓမ္မတာ ကိုက်ခဲတဲ့ ဝေဒနာ သက်သာအောင် နှိပ်နယ်နည်း အသုံးပြုပါ

အမျိုးသမီးထုရဲ့ ၈၀ ရာခိုင်နှုန်းထိဟာ လစဉ်လတိုင်း ဓမ္မတာကြောင့် ကိုက်ခဲတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ အောက်ပါနှိပ်နယ်နည်းဟာ ငါးမိနစ်အတွင်း ဓမ္မတာကိုက်ခဲတဲ့ ဝေဒနာကို ၅၀ ရာခိုင်နှုန်းထက်ပိုပြီး သက်သာနိုင်တယ်လို့ ဘာမင်ဟန် ဆေးတက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အာရုံကြောပိုင်းဆိုင်ရာ နေရာကို လှုံ့ဆော်မှုပေးတာကြောင့် နာကျင်မှုဝေဒနာ ပျောက်ကင်းစေတဲ့ အင်ဒိုဖင်တွေ ထွက်ရှိလာတဲ့အပြင် ဆီးစပ်နေရာမှာ သွေးလှည့်ပတ်မှုကို ကောင်းစေတာကြောင့် နာကျင်မှုဝေဒနာ ရရှိစေနိုင်တဲ့ ရောင်ရမ်းမှုတွေကို ဖယ်ရှားပစ်နိုင်လို့ပါ။

နှိပ်နယ်နည်း

ခြေဖဝါးနှစ်ခုကို ကပ်ပြီး ကြမ်းပြင်ပေါ်မှာ ထိုင်ပါ။ သင့်လက်မကို ခြေဖဝါးခွက်နေရာမှာထားပြီး ခြေဖဝါးကို လက်နဲ့ ဆုပ်ကိုင်ထားပါ။ ငါးမိနစ်ခန့် အချိန်ပေးပြီး ခြေဖဝါးခွက်တစ်လျှောက် အသာအယာ နှိပ်ပေးပါ။

၅။ အာရုံကြောကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာ ပျောက်ကင်းအောင်

အာရုံကြော ပျက်စီးတာကြောင့်ဖြစ်တဲ့ နာကျင်မှုဝေဒနာတွေဟာ သာမန် အကိုက်အခဲပျောက်ဆေးနဲ့ မသက်သာနိုင်ပါဘူး။ အတက်ပျောက်ဆေး (Antiseizure Medicine) တွေကသာ နှစ်ပတ်အတွင်း သက်သာစေနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားမှ သောက်ပါ။

ဒေါက်တာခင်မိုးမိုး
Ref: Good Health posted on Yatanarpon- news - review-70587
shared by>>> http://www.facebook.com/notes/health-articles

No comments:

Post a Comment