Tuesday 6 November 2012

သွေးဆုံးချိန် ဝေဒနာကို ထိန်းချုပ်နည်း ငါးသွယ်

သွေးဆုံးချိန် ဝေဒနာကို ထိန်းချုပ်နည်း ငါးသွယ်
by Nang Kha Yea  on 06, 11,2012

သွေးဆုံးချိန်မှာ တချို့အမျိုးသမီးတွေက ဘာဝေဒနာမှ မခံစားရတတ်ပေမယ့် အမျိုးသမီး တချို့ကတော့  ညဘက်အိပ်မပျော်တာ၊ ရင်တုန်တာ၊ ညဘက်ပူလောင်တာ၊ စိတ်တိုစိတ်ဆတ်တာ ..စတဲ့ ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဒီအချိန်မှာ ဝေဒနာတွေ ကင်းဝေးပြီး ကျန်းမာနေစေဖို့ရာအတွက် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။


(၁) ကြက်သီးနွေးရေချိုးပါ

သွေးဆုံးချိန် ရောက်လာတဲ့အခါ အမျိုးသမီး တချို့ဟာ ခြေဖဝါး၊ လက်ဖဝါးတွေ ပူတာ၊ ညဘက်ချွေးထွက်များပြီး ပူအိုက်တာ၊ ညဘက် အိပ်ပျော်ရာကနေ လန့်နိုးတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ညဘက် အိပ်ရာမဝင်ခင်မှာ ခပ်နွေးနွေး ရေနဲ့ ချိုးပြီးမှ အိပ်စက်အနားယူပါ။

(၂) ကိုယ်လက်လှုပ်ရှားပါ

သွေးဆုံးချိန်မှာ စိတ်တိုစိတ်ဆတ်တာ၊ စိတ်အားငယ်တာ၊ အကြောင်းမဲ့ စိတ်ညစ်တာတို့ ဖြစ်တတ်ပါတယ်။ ဒီလိုဝေဒနာတွေ မဖြစ်စေဖို့ နေ့စဉ် နံနက်အစောပိုင်း အချိန်တွေမှာ ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဆောင်ပေးပါ။

(၃) ကယ်လ်စီယမ် မှီဝဲပါ

သွေးဆုံးချိန်မှာ အီစထရိုဂျင် ဟော်မုန်းကျဆင်းသွားပါတယ်။ အီစထရိုဂျင်ဟာ အရိုးတွေထဲ ကယ်လ်စီယမ် ပါဝင်တည်ဆောက်ရာမှာ ကူညီပေးတာကြောင့် အီစထရိုဂျင်နည်းပါးတဲ့ သွေးဆုံးချိန်မှာ အရိုးပါးရောဂါ ရလွယ်တတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ကယ်လ်စီယမ်ပါတဲ့ ဖြည့်စွက်ဆေး ဒါမှမဟုတ် ကယ်လ်စီယမ် များများပါတဲ့ ငါးလေးတွေ၊ နွားနို့၊ ဒိန်ချဉ်တို့လို နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားပေးသင့်ပါတယ်။ ဒါ့အပြင် အရိုးသန်မာဖို့ ပံ့ပိုးကူညီတဲ့ ဗီတာမင်ဒီ ရရှိအောင် နံနက်စောစောမှာ နေခြည်နုနုခံယူပါ။ ဥအမျိုးမျိုး၊ တိရစ္ဆာန်အသည်းနဲ့ နို့ထွက်ပစ္စည်းတွေထဲမှာလည်း ဗီတာမင်ဒီ ပါဝင်ပါတယ်။

(၄) ဟင်းခတ်အမွှေးအကြိုင် ကဲသော အစားအသောက်များ မစားသင့်ပါ

ငရုတ်သီး၊ ငရုတ်ကောင်းလို ပူစပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်ပါ အစားအသောက်တွေက သွေးဆုံးဝေဒနာကို တိုးစေနိုင်တာကြောင့် ရှောင်ဖို့လိုပြီး အစေ့အဆန်၊ ပဲပိစပ်၊ ပဲအမျိုးမျိုး စတာတွေကို စားပေးသင့်ပါတယ်။

(၅) အရက်ကို ရှောင်ပါ

ညဘက် ပူလောင်အိုက်စပ်တဲ့ ဝေဒနာ မကြာခဏ ဖြစ်ပေါ်တတ်ရင် အရက်ကို ရှောင်ဖို့လိုပါတယ်။ Mayo Clinic ရဲ့ လေ့လာမှုအရ အရက်၊ ကဖင်းနဲ့ ပူစပ်တဲ့ အစားအစာတွေ စားသောက်ရင် သွေးဆုံးချိန် ဝေဒနာကို ပိုဖြစ်စေတယ်လို့ သိရပါတယ်။ သွေးဆုံးချိန်မှာ ညဘက်ချွေးထွက်တာကြောင့် ရေဓာတ် ခန်းခြောက်နေတတ်တဲ့အတွက် မူးတာ၊ အရေပြား ခြောက်တာနဲ့ ခေါင်းကိုက်တာတို့ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက်မှု မဖြစ်အောင် ရေများများသောက်ပေးဖို့ လိုပါတယ်။

ဇွန်
Ref: Good Health posted on Yatanarpon-news - news-70137
shared by>> http://www.facebook.com/notes/health-articles/

No comments:

Post a Comment