Tuesday 6 November 2012

ကျန်းမာရေးကောင်းစေသော အပြုအမူများ

by nang kha yea on 06.11.2012

ဘာသာရပ်အသစ်တွေ သင်ယူတာ၊ လေ့ကျင့်ခန်းလုပ်တာ ဒါမှမဟုတ် အားဖြည့်ဆေးတွေ သောက်တာတွေအတွက် တစ်နေ့တာမှာ အကောင်းဆုံး အချိန်တွေ ရှိပါတယ်။  သင်ရဲ့ ကျန်းမာရေး ကောင်းစေတဲ့ အပြုအမူတွေရဲ့ အကျိုးကျေးဇူး ပိုမိုထိရောက်မှု ရှိစေဖို့အတွက် တစ်နေ့တာရဲ့ မှန်ကန်တဲ့ အချိန်တွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


နေထွက်မှ အိပ်ရာထပါ

နေမထွက်ခင် မနက် အရုဏ်တက်တာနဲ့ အိပ်ရာမှ ထခဲ့ရင် သင်ရဲ့ ဖိစီးမှု ဟော်မုန်းကော်တီဆော အဆင့်တွေဟာ ပုံမှန်ထက် မြင့်တက် နေတတ်ပါတယ်။ လန်ဒန်မှ သုတေသီတွေက နေမထွက်ခင် အိပ်ရာမှ ထသူတွေဟာ သူတို့ အိပ်ရာထချိန်ထက် ၄၅ မိနစ် နောက်ကျပြီးမှ အိပ်ရာထသူတွေထက် ကော်တီဆော အဆင့်ဟာ မြင့်တက်နေတာကို တွေ့ရှိခဲ့ပါတယ်။ ကော်တီဆော အဆင့်မြင့်တက်တာနဲ့ နှလုံးရောဂါကြောင့် သေဆုံးနှုန်းဟာ ဆက်စပ်မှု ရှိတယ်လို့ ဒပ်ခ်ျမှသုတေသီတွေက မကြာခင်က ပြုလုပ်တဲ့လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် အိပ်ချိန် ပိုမိုရရှိတာကြောင့် ဘာသာရပ်အသစ်တွေ သင်ယူတာ ဒါမှမဟုတ် သတင်းအချက်အလက်တွေ မှတ်မိတာတွေဟာ ပိုမိုလွယ်ကူသွားတယ်လို့ ဆိုပါတယ်။

နံနက်စာ မစားခင်မှာ မိမိ ကိုယ်အလေးချိန်ကို တိုင်းတာပါ

ဒီအချိန်မှာ ကိုယ်အလေးချိန်ကို တိုင်းတာရင် တိကျတဲ့ အဖြေတစ်ခု ရရှိနိုင်ပါတယ်။ ကိုယ်အလေးချိန် ပမာဏဟာ တစ်နေ့တာလုံးမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေတတ်တာကြောင့် နေ့စဉ်နေ့တိုင်း တူညီတဲ့ တစ်ချိန်တည်းမှာ တိုင်းတာတာဟာ အကောင်းဆုံးပါလို့ အာဟာရ ပညာရှင်က အကြံပေးထားပါတယ်။

အလုပ်မသွားခင် လေ့ကျင့်ခန်းလုပ်ပါ

မနက်စောစော လေ့ကျင့်ခန်းလုပ်တာဟာ နေ့ခင်းပိုင်းနဲ့ ညနေပိုင်းမှာ လေ့ကျင့်ခန်း လုပ်တာထက်  စိတ်ခံစားမှု ကောင်းစေရာမှာ နှစ်ဆပိုပြီး အကျိုးရှိနိုင်တယ်လို့ စကော့တလန်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ လေ့ကျင့်ခန်း မပြုလုပ်ခင်မှာ အဆာပြေစာ အနည်းငယ်ကို အရင်စားသင့်တယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်က လေ့ကျင့်ခန်း လုပ်စဉ်မှာ ကာဗိုဟိုက်ဒရိတ်ကို လောင်စာအဖြစ် အသုံးပြုရပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း မလုပ်ခင် အစာမရှိခဲ့ရင် ခန္ဓာကိုယ်ထဲမှ အဆီတွေအစား ပရိုတင်းတွေကို စွမ်းအင်အဖြစ် အသုံးပြုသွားပါတယ်။ ဒီလိုဖြစ်တာကြောင့် ကြွက်သားတွေ သန်မာနိုင်စွမ်း လျော့သွားတဲ့အပြင် ကယ်လိုရီ လောင်ကျွမ်းမှုတွေလည်း နည်းသွားပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းမလုပ်ခင် အစာမစားတာကြောင့် သင့်မှာ စွမ်းအင်အဆင့်တွေ နည်းသွားပြီး ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်စွမ်းလည်း ရှိမှာမဟုတ်တော့ပါဘူး။

နံနက် ၉ နာရီမှ နေ့လယ်စာ မစားခင်အထိ ဉာဏ်အသုံးပြုရမယ့် လုပ်ငန်းတွေကို ပြုလုပ်ပါ

ဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာလည်း မြင့်တက်နေပြီး အိပ်စက်မှုကို ဖြစ်ပေါ်စေတဲ့ မယ်လတိုနင်ဟော်မုန်း အဆင့် နည်းပါးတဲ့အချိန် ဖြစ်နေတာကြောင့်ပါ။ မန်ချက်စတာ တက္ကသိုလ်မှ သုတေသီတွေက နေ့လယ်စာ မစားခင်အချိန်မှာ တက်ကြွမှုတွေ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဗိုက်ဆာနေတဲ့ အတွက် ခန္ဓာကိုယ်က လောင်စာတွေ လိုနေတယ်လို့ အဓိပ္ပာယ်ရပြီး ဦးနှောက်အနေနဲ့ အလိုအလျောက် တက်ကြွမှု ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

နေ့လယ် ၁၂ နာရီ မတိုင်ခင်မှာ ကော်ဖီသောက်ပါ

ကော်ဖီတစ်ခွက်ရဲ့ အကျိုးအာနိသင်ဟာ လူတစ်ယောက်နဲ့ တစ်ယောက်မှာ တူညီမှု မရှိကြပါဘူး။ လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ အတက်ကြွဆုံး အချိန်ပေါ် မူတည်ပြီး အကျိုးသက်ရောက်မှု ကွဲပြားသွားနိုင်ပါတယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ကော်ဖီသောက်တာကြောင့် ညဘက်မှာ တက်ကြွမှုရှိသူ ဒါမှမဟုတ် ညမင်းသားတွေမှာ အိပ်မပျော်တဲ့ အကျိုးသက်ရောက်မှု မရှိနိုင်ပေမယ့် နံနက်ပိုင်းမှာ တက်ကြွမှုရှိသူတွေ အနေနဲ့ နေ့လယ် ၁၂ နာရီကျော်မှာ ကော်ဖီသောက်ခဲ့ရင် အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

နေ့လယ်စာနဲ့အတူ ငါးအဆီ (Fish Oil) အားဖြည့်ဆေးတွေ မှီဝဲပါ

နံနက်စာနဲ့ နှိုင်းယှဉ်ရင် နေ့လယ်စာမှာ ကျန်းမာရေး ကောင်းစေတဲ့ အဆီတွေ ပိုမို ပါဝင်တတ်တာကြောင့် သူနဲ့အတူ အိုမီဂါ - ၃ အားဖြည့်ဆေးကို မှီဝဲမယ်ဆိုရင် ခန္ဓာကိုယ်မှ အဆီစုပ်ယူမှုတွေ ပိုကောင်းစေနိုင်ပါတယ်။ ဒါ့အပြင် နံနက်စာမှာ စားသုံးလေ့ရှိတဲ့ ကွေကာလိုမျိုး ကောက်နှံတွေမှာ များသောအားဖြင့် အမျှင်ဓာတ်တွေ ပိုမိုပါဝင်တာကြောင့် ငါးအဆီလိုမျိုး ဖက်တီးအက်စစ်တွေ စုပ်ယူမှုကို လျော့နည်းစေကာ အမျှင်နဲ့အဆီတွေ ပေါင်းပြီး ခန္ဓာကိုယ်မှ အညစ်အကြေးအဖြစ် ထွက်ရှိသွားနိုင်လို့ပါ။

နေ့လယ်စာ စားပြီး ပီကေဝါးပါ

နေ့လယ်စာနဲ့အတူ အက်စစ်ပါဝင်တဲ့ အစားအစာ ဒါမှမဟုတ် ဖျော်ရည်တွေ သောက်သုံးမိရင် သင့်သွားရဲ့ ကြွေလွှာတွေဟာ ယာယီ ပျော့ပျောင်းသွားနိုင်ပါတယ်။ တံတွေးဟာ သွားချေးဖတ် အက်စစ်တွေကို အားပျော့စေနိုင်တဲ့ ခံတွင်းရဲ့ သဘာဝခုခံ ပစ္စည်းဖြစ်တာကြောင့် ကြွေလွှာတွေကို သန်မာအောင် ကူညီနိုင်ပါတယ်။ နေ့လယ်စာ စားပြီး ပီကေဝါးတာကြောင့် တံတွေးထွက်နှုန်းဟာ ပုံမှန်ထက် ၁၀ ဆ များသွားနိုင်ပါတယ်။

နေ့ခင်း ၂ နာရီနဲ့ ၄ နာရီအတွင်း တစ်မှေးအိပ်ပါ

သင်ရဲ့ တက်ကြွမှုအဆင့်ဟာ ဒီအချိန်မှာ ကျဆင်းသွားတတ်လို့ပါ။ ဒါ့အပြင် နေ့လယ်စာ စားပြီး အိပ်ငိုက်နေတတ်တာဟာ သွေးတွင်း သကြားဓာတ်တွေ မြင့်တက်နေတာကြောင့် ဦးနှောက်ရဲ့ ဓာတုပစ္စည်း လုပ်ဆောင်မှုကို အကျိုးသက်ရောက်မှု ရှိလို့ပါ။ နေ့ခင်းကို အကြာကြီး အိပ်ဖို့ မလိုပါဘူး။ ၁၀ မိနစ်လောက် အိပ်စက်ရင်တောင် မောပန်းတာ သက်သာပြီး တက်ကြွမှုတွေ ပြန်လည် ရရှိနိုင်ပါတယ်။

ညနေပိုင်းမှာ ဘာသာရပ် အသစ်တွေကို သင်ယူပါ

ဦးနှောက်ရဲ့ ဘာသာရပ် အသစ်ကို သင်နိုင်စွမ်းဟာ တစ်နေ့တာရဲ့ အချိန်ပေါ် လွှမ်းမိုးမှုရှိပါတယ်။ လေဖြတ်ခံထားရတဲ့ သူတွေကို လေ့ကျင့်ခန်းနဲ့ ပုံမှန် ပြန်လည်သန်စွမ်းအောင် ပြုပြင်နိုင်ဖို့ အကောင်းဆုံး အချိန်ကို လေ့လာရာမှာ ညနေပိုင်း အချိန်မှာ ဦးနှောက်ရဲ့ သင်ယူနိုင်စွမ်းဟာပိုမို ထိရောက်မှုရှိတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

အိပ်ရာမဝင်ခင် အနည်းဆုံး တစ်နာရီခန့် အလိုမှာ မီးမှိန်လိုက်ပါ

မှောင်စပျိုးတဲ့အချိန်နဲ့ အိပ်ရာမဝင်ခင်ကြားမှာ သဘာဝမဟုတ်တဲ့ တောက်ပတဲ့ အလင်းရောင်ကို ထိတွေ့နေရတာကြောင့် မယ်လတိုနင် အဆင့်တွေ သိသိသာသာ လျော့နည်းသွားတတ်ပြီး အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်နိုင်တယ်လို့ ဘော့စတွန်မှ သုတေသီတွေက ဆိုပါတယ်။ မီးရောင်ကို ထိန်လင်းအောင် ထွန်းထားရင် မယ်လတိုနင် အဆင့်တွေဟာ ၅၀ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ ဆိုပါတယ်။ မယ်လတိုနင်အဆင့် လျော့နည်းတာဟာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်မှု ရှိတယ်လို့ ဟားဗတ်ဆေးတက္ကသိုလ်မှ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင်မှာ မီးမှိန်မှိန်သာ ထွန်းထားပါ။

အိပ်ရာဝင်ခါနီး ဘာအစာမှ မစားပါနဲ့

အမေရိကန် အနောက်မြောက်ပိုင်း တက္ကသိုလ်မှ လေ့လာမှုအရ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ သင်ဘယ်အချိန်မှာ အစာစားသလဲဆိုတာဟာ သင် ဘာအစာစားသလဲ ဆိုတာလိုမျိုး အရေးကြီးတယ်လို့ တွေ့ရှိခဲ့ပါတယ်။ သင် အိပ်ငိုက်နေချိန်မှာ အစာစားမိရင် သင့်ခန္ဓာကိုယ် အလေးချိန် တက်လာနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန် တက်တာဟာ ကယ်လိုရီ အဝင်အထွက်ကြောင့်သာ မဟုတ်ဘဲ ဇီဝရုပ်ဆိုင်ရာ အကြောင်းအချက်တွေနဲ့လည်း သက်ဆိုင်နေတယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
Ref: Good Health posted on Yatanarpon. - news - review-68218

No comments:

Post a Comment