Saturday 10 November 2012

သင့်ခန္ဓာကိုယ်အကြောင်း သင်မသိနိုင်သေးသည့် အချက် ၁၀ ချက်

by nang kha yea on 07.11.2012
















ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကျွန်မတို့ သတိမထား မိတဲ့အချက်တွေ ရှိနေပါသေးတယ်။ ဒါကြောင့် ကိုယ့်ခန္ဓာကိုယ် အကြောင်း ပိုသိစေဖို့ တချို့အချက်တွေကို ဖော်ပြလိုက်ပါတယ်။


(၁) သင်က ဦးနှောက်ရဲ့ ဆယ်ရာခိုင် နှုန်းကျော်ကို အသုံးပြုပါတယ်

ကြားဖူးနေကျကတော့ ကျွန်မတို့ဟာ ဦးနှောက်ရဲ့ ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုတယ် ဆိုတာပါပဲ။ ဒါပေမယ့် တကယ်တမ်းက အဲဒီထက်ပိုများများ အသုံးပြုကြောင်း ရှာဖွေတွေ့ရှိထား ကြပါတယ်။ ဦးနှောက်တည်ဆောက် ပုံနဲ့အလုပ်လုပ်ပုံကို သုတေသန ပညာရှင်တွေ လေ့လာကြည့်တဲ့အခါ ဦးနှောက်ထဲ ဘာအလုပ်မှမလုပ်ဘဲ ငြိမ်နေတဲ့အပိုင်းတွေ မရှိကြောင်း တွေ့ရှိရပါတယ်။


(၂) မျက်ရည်က အဆိပ်တွေကို ဖယ်ရှား ပေးတယ်

ဝမ်းနည်းလို့ကျလာတဲ့ မျက်ရည်နဲ့ ကြက်သွန် လှီးလို့ကျလာတဲ့မျက်ရည် မတူညီပါဘူး။ မျက်ရည်ထဲပါဝင်တဲ့ ဓာတုပစ္စည်းတွေ မတူညီဘဲ ကွဲပြားခြားနားနေတတ်ပါတယ်။ ဝမ်းနည်းလို့ကျတဲ့ မျက်ရည်ထဲမှာ စိတ်ဖိစီးမှုနဲ့ဆိုင်တဲ့ ဓာတုပစ္စည်းတွေ ပါရှိနေတတ်ပါတယ်။ ဝမ်းနည်းတဲ့အခါ စိတ်ဖိစီးလာမယ်။ အဲဒီအခါ ငိုကြွေးလိုက်ပါက အဆိပ်တွေဖယ်ရှားလိုက်သလို ဖြစ်ပြီး စိတ်သက်သာရာရသွားခြင်း ဖြစ်ပါတယ်။

(၃) နှာခေါင်းနဲ့ အရသာခံတယ်

လေ့လာချက်အရ အစားအသောက်စားတဲ့အခါ ရရှိတဲ့အရသာရဲ့ ၈၀ ရာခိုင်နှုန်းဟာ အနံ့ပေါ် မူတည်နေပါတယ်။ တကယ့်အရသာအစစ်ဟာ အနံ့၊ အရသာနဲ့ အမြင်အာရုံ သုံးခုပေါင်းမှ ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ မမြင်ရအောင် မျက်စိကိုအဝတ်နဲ့ စည်းထား ပြီး အနံ့မရအောင် နှာခေါင်းပိတ်ထားကာ တစ်ယောက်ယောက်က သင့်ကိုသစ်တော်သီးနဲ့ ပန်းသီးလာကျွေးပါက ဘယ်အသီးက ဘာဆိုတာကို ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အရသာခံစားဖို့အတွက် အနံ့၊ အရသာနဲ့ အမြင်သုံးမျိုးစလုံး ပြည့်စုံမှ ဖြစ်မှာပါ။

(၄) နှာချေခြင်းက လိင်စိတ်ကြောင့်လည်း ဖြစ်နိုင်တယ်

နှာချေခြင်းက အအေးမိခြင်း လက္ခဏာတင် မဟုတ်ပါဘူး။ တချို့လူတွေမှာ လိင်စိတ် နိုးကြွလာခြင်းရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ သုတေသန ပညာရှင်တွေရဲ့ လေ့လာ ချက်အရ ဒါဟာ အာရုံကြောစနစ်ချို့ယွင်းမှုကြောင့် ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ နှာချေခြင်းကို ထိန်းချုပ်တဲ့ ဦးနှောက်အစိတ်အပိုင်းနဲ့ လိင်စိတ်ကိုထိန်းချုပ်တဲ့ အစိတ်အပိုင်း အလွန်နီးကပ်စွာ တည်ရှိနေတာကြောင့် တစ်ခါတစ်ရံမှာ အာရုံကြောတွေ မှားယွင်းစွာ သတင်းပို့မိတဲ့အခါ ဖြစ်တတ်ပါတယ်။

(၅) ကိုယ်လက်လှုပ်ရှားမှု ပြုချင်စိတ်က လက်ချောင်းအရှည်နဲ့ဆိုင်တယ်

သုတေသနပြုချက်တွေအရ လက်ချောင်းအရှည်နဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုချင်စိတ် ဆက်စပ်မှုရှိကြောင်း တွေ့ရှိရပါတယ်။ လက်ဆံခြေဆံရှည်သွယ်သူတွေဟာ တိုသူတွေ ထက်စာရင် ကိုယ်လက်လှုပ်ရှားမှု ပြုချင်စိတ်များပြီး လေ့ကျင့်ခန်းလုပ်ရာမှာ မပျင်းကြောင်း တွေ့ရှိထားကြပါတယ်။

(၆) အမျိုးသမီးလက်တွေမှာ ရောဂါပိုး ပိုများတယ်

အမျိုးသမီးဟာ အမျိုးသားတွေထက်စာရင် အရေပြားမှာ အက်စစ်ဓာတ် လျော့နည်း တာကြောင့် ဘက်တီးရီးယား ရောဂါပိုးတွေ ပိုများလေ့ရှိပါတယ်။ ဒါပေမယ့် အရေပြားပေါ်ရှိ ဘက်တီးရီးယားအများစုက ရောဂါမဖြစ်စေတဲ့အပြင် တချို့ ဘက်တီးရီးယားဆိုရင် အကျိုး တောင်ပြုတာ တွေ့ရပါတယ်။

(၇) အရေပြားအပူချိန်က အိပ်ခြင်းကို အကျိုးသက်ရောက်မှု ရှိစေတယ်

အရေပြားအပူချိန် ၀ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်စ်လောက် ပြောင်းလဲရုံနဲ့အိပ်ခြင်းကို အကျိုးသက်ရောက်မှု ရှိစေပါတယ်။ အေးတဲ့ နိုင်ငံမှာ အရေပြားအပူချိန်တက်ခြင်းက ပိုအိပ်ပျော်စေနိုင်ပေမယ့် ပူတဲ့နိုင်ငံမှာတော့ အရေပြားအပူချိန် အနည်းငယ် လျော့နည်း ခြင်းက အိပ်ခြင်းကို အထောက်အကူ ပြုပါတယ်။

(၈) ကြွက်သားသန်မာပါက ကင်ဆာကို ကာကွယ်ပေးပါတယ်
အလေးနဲ့ကစားလေ့ရှိတဲ့ သန်မာတဲ့ ကြွက်သားပိုင်ရှင်တွေဟာ ကင်ဆာရောဂါနဲ့ သေဆုံးနိုင်ခြေ ၃၀ မှ ၄၀ ရာခိုင်နှုန်းထိ လျော့နည်းတာတွေ့ရပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် သေချာကစားရုံနဲ့ ဒီအကျိုးကျေးဇူးတွေ ခံစားရနိုင်တယ်လို့ ကျွမ်းကျင် သူတွေက ပြောကြပါတယ်။

(၉) ကြင်ရာဖက်ရွေးရာမှာ ခန္ဓာကိုယ် အဆီနဲ့လည်း ဆိုင်တယ်

သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိချက်အရ ကျွန်မတို့ဟာ ကြင်ရာဖက်ရွေးရာမှာ ကိုယ့်ခန္ဓာ ကိုယ်အဆီပမာဏနဲ့ နီးစပ်တဲ့ ခန္ဓာကိုယ်အဆီပိုင်ရှင်တွေကို မသိစိတ်က ရွေးချယ် တတ်ကြောင်း သိရပါတယ်။ နိုင်ငံတကာမှာ စုံတွဲ ၄၂ တွဲရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုကို လေ့လာတိုင်းတာကြည့်တဲ့အခါ အတူနေထိုင်တဲ့အချိန် ဘယ်လောက်ပဲ ကြာနေပါစေ နှစ်ယောက်စလုံးရဲ့ ခန္ဓာကိုယ်အဆီပမာဏ နီးစပ်တာကို တွေ့ရပါတယ်။

(၁၀) မိခင်နို့တိုက်ကျွေးခြင်းက မီးယပ်သွေးဆုံးမှုဝေဒနာ လျော့နည်းစေနိုင်တယ်

ရင်သွေးကို မိခင်နို့တိုက်ကျွေးတဲ့ မိခင်တွေဟာ အသက်ကြီးလို့ မီးယပ်သွေးဆုံးတဲ့အခါ နှလုံးသွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ လျော့နည်းပါတယ်။
Ref : Good Health

No comments:

Post a Comment